Wednesday, March 30, 2011

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို၊ နအဖကို ဖျက်သိမ်း

2011-03-30

Photo: AFP / HO / MRTV
သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။
 စုစည်းတင်ပြချက် (၁) စုစည်းတင်ပြချက် (၂)

Sunday, March 20, 2011

အင်တာနက် ဖုန်း ပိတ်ရခြင်း အကြောင်းအရင်း (ပေးပို့ သူ နာမည်မဖော်ပြရတဲ့အတွက်ဝမ်းနည်းပါတယ်ခင်ဗျာ)

ညီ ဒီစာလေး ကျွန်တာ့်နာမည်နဲ့ တင်ရန် မလွယ်လို့ ညီဘဲ တင်ပေး စေလိုပါတယ် ။ ကျွန်တော့်ဆိုင်ကို Tech မှ စာ နှစ်ဆောင်ရရှိပါတယ်။ Myanmar Info Tech ကတော့ MPT စာကို ရည်ညွှန်း ပေးပို့ထားတာဖြစ်ပြီး၊ MPT မှ စာကတော့ အတော့ကို ဖတ်လို့အစဉ်မပြေ စာထုပ်ရ သူက မရေးချင်ရေးချင် ရေးရတာလား ၊ စာမရေးတက်လို့လား ၊ တမင် ကွန့် ရေးလိုက်သည်လား ဆိုတာကတော့ ကံယ ကံရှင်ဘဲ သိမယ်။

MPT စာမှာက အများပြည်သူများကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲ၇န် ဆွဲဆောင်ခြင်း ပိုမို များပြားလာခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိုင်ငံခြား ခေါ်ဆိုမှု့များ ကျဆင်းလာပြီး နိုင်ငံတော်၏ ၀င်ငွေထိခိုက်မှုများ ဖြစ်ပေါ်လာပါသည် လို့ရည်ညွှန်း ဖေါ်ပြထားတာကိုတွေ့ရတယ်။

ဒီနေရာမှာ ကျွန်တော် မေတ္တာရပ်ခံလိုတာက MPT ဟာ စီးပွားဖြစ်ဝင်ငွေရှာတဲ့ စိတ်မထားဘဲ ပြည်သူ၊ ပြည်သားများ ဆက်သွယ်မှု့အစဉ်ပြေ စေရေးကို အရှုံးခံသင့် အရှုံးခံ ပြီး ပြည်သူတွေအတွက် လုပ်ပေးသင့်ပါတယ်။ ပြည်သူတွေ ဈေးနှုံးသက်သာစွာ အသုံးပြုနေနိုင်အောင် MPT မှ မလုပ်ဆောင်နိုင်ရင်တောင် ပြည်သူတွေ ဈေးနှုံးသက်သာ စွာ အသုံးပြု နိုင်ခွင့်ကို မျက်နှာလွဲသင့် လွဲထားသင့်တယ်လို့ ယူစမိတယ်။

Information Technology ခေတ်ကြီးမှာ IT ရဲ့ အသီးအပွင့်တွေကို မစားရလို့ သက်မှတ်သည်မှာ သဘာဝကျလှသည်မဟုတ်။ MPT ကိုယ်တိုင်ကလည်း ဒီလို အခွင့်အလမ်းမျိုးလုပ်ပြီး အစားထိုးသည်ဆိုလည်း သိပ်ပြောရန်အကြောင်းပေါ်မည်မထင်။

အဲ့ဒီ MPT က စာကို ဖတ်တော့ Gtalk , VZO , Pfingo , Skype , Callback တို့ကို တာလိုက် တယ်လို့ ဖေါ်ပြထားသော်လည်း VOIP Gateway များကြောင့် MPT စီးပွားပျက်ရပါတယ် ဆိုသည်ကို မတွေ့ရ၊ ပြည်ပ နိုင်ငံများကို သွားရောက်သူတိုင်း မြန်မာနိုင်ငံကို ဈေးနှုံးချိုသာစွာ အသုံးပြုနိုင်တဲ့ Calling Card တွေဟာ VIOP စနစ်နဲ့ အင်တာနက်မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာတာ ဖြစ်ပြီး ပြည်တွင်းမှာ VOIP Gateway တပ်ဆင်ပြီး local Phone line မှ တဆင့် ၀င်ရောက်လာတာပါဘဲ။ VOIP Gateway ဆိုလို့ အကြီးကြီး မထင်လိုက်ပါနဲ့ ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Switch လောက်သာသာ ရှိတဲ့ Gateway လေးနဲ့ RJ 11 8 Port, 16 port 24 port စသည်မှ E1 Line တို့ နဲ့ ချိတ်ဆက် အသုံး ပြုနိုင်တဲ့ စနစ်လေးပါ၊ အဲ့ဒါတွေ ဘယ်တာ ကထွက်ပါသလဲ အဲ့ဒါတွေ အခုလည်း ရှိနေတော့ MPT မမြတ်ရင်တော့ တာဝန်ရှိသူများ အမြတ်ရလို့ အသံမထွက်တာလား ဒါမှ မဟုတ် ထည့်သွင်းဖေါ်ပြရန် မေ့သွားတာလား ဆိုတာကို တွေးတော ရမလိုပါဘဲ။

ပိုလို့ စိတ်မကောင်းရသည်မှာ မြန်မာနိုင်ငံ အင်တာနက် လိုင်းများကျ နေသည့်နေ့များ တွင်ပင် VOIP gateway တွေမှ ၀င်လာသည့် ပြည်ပမှာ ခေါ်ဆို တဲ့ ဖုန်းတွေက လိုင်းကောင်းနေလေတော့၊ ဒီလို လိုင်းကောင်းအောင် လုပ်ပေးနိုင်သည့် မြန်မာပြည်မှ VOIP Gateway ကော်မရှင်ရ ပညာရှင်းများကို ပြောလိုတာက

ငါတို့က PAC ကို တစ်လ ၅၀၀၀၀ ပေးရတယ်၊ Bagan လိုင်းက ၅၁၂ ထက်ပိုမပေး၊ လိုင်းက စိတ်မချရ တော့ MPT နောက်တလိုင်း ကို ၁၄၀၀၀၀ သိန်းလောက် ပေးပြီး ထက်ဝယ်ရတယ် အဲ့ဒါတောင် ၅၁၂ ဘဲရတယ် ဒီထက် ပိုလိုချင်ရင် လိုင်းကြေးရှိတယ် အဲ့ဒီမှတောင် ပုံမှန် အိုင်ပီ နဲ့ အလိုအလျာက်အိုင်ပီ နှစ်ပိုင်းခွဲထားပြီး လိုင်းကြေးမရှိသူတွေကို အလိုအလျောက်အိုင်ပီ ပေးထားပြီး လိုင်းနဲနဲ ကျတာနဲ့ လိုင်းမရဖြစ်၊ လိုင်းကြေးနဲ့ ဆို ပုံမှန် အမြဲရ အိုင်ပီတွေပေးတယ်။

ဒီလို ဒီလိုတွေကြောင့် ပုံမှန် အခန်းဌားခ၊ Bagan လစဉ်ကြေး၊ MPT လစဉ်ကြေး၊ PAC လစဉ်ကြေး ၊ ၀န်ထမ်းကြေး၊ မီတာခ ဒါတွေနဲ့တင်မက အင်တာနက်က မရတာက များများ နေလို့ လည်ပင်အစ်နေတုန်း ဟိုတလောက CCTV တွေ မတက်လို့ မရဘူးလို့ မြို့နယ်ရုံးက လက်မှတ်ထိုးခိုင်းလို့ မရှိရှိတာလေးနဲ့ ၀ယ်တက်လိုက်ရသေးတယ်၊ ဒီလို အနိုင့်အထက်နဲ့ စားဘို့ လုပ်နေသူတွေကို ဥပဒေ ကို အကြောင်းပြ၊ အသံကောင်းဟစ် သည်ကို စိတ်မကောင်းရန်မှ အပ အခြားမရှိသည့် ဘ၀။

မှတ်ချက်။ ။ပြည်တွင်း facebook အသုံးပြုသူတဦးရဲ့ ပေးပို့ လာသောစာမူရင်းဖြစ်သည်။

Friday, March 18, 2011

ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီယား သမတ ထောက်ခံ


2011-03-18

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယားနိုင်ငံ သမတ Elbegdorj က မတ်လ ၁၇ ရက် မနေ့ညက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေမှုတွေကို ထောက်ခံ အားပေး စကားပြောခဲ့တယ်လို့ မွန်ဂိုလီးယားနိုင်ငံ သမတရုံးက သတင်းထုတ်ပြန်ပါတယ်။

Photo: AFP

မွန်ဂိုလီးယားသမတ အယ်လ်ဘက်ဒေါ့ဂ်ျ (ယာ) သည် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ဝဲ) အား ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆယ်လ်မြို့တွင် ၂၀၁၀ ခုနှစ် အောက်တိုဘာ လဆန်းက ကျင်းပသော ဥရောပ-အာရှ အစည်းအဝေး (ASEM) တက်ရောက်စဉ် (ပုံ) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် တိုက်တွန်း ပြောကြားခဲ့ပါသည်။ (Photo: AFP)

မွန်ဂိုလီယား သမတက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်အတွက် အင်မတန် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း၊ မွန်ဂိုလီးယားနိုင်ငံအနေနဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ပြီး လူ့အခွင့်အရေးနဲ့ စီးပွားရေးတိုးတက်လာအောင် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ခဲ့တာတွေဟာ မြန်မာနိုင်ငံအတွက် ဥပမာဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် မွန်ဂိုလီယားသမတက အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ လွတ်လပ်ခွင့် ရရှိဖို့ တောင်းဆို ကြိုးပမ်းနေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အခြေအနေတွေကို ဆက်လက် ကြည့်ရှု အားပေးနေသလို မြန်မာပြည်သူတွေ အနေနဲ့လည်း ဒီမိုကရေစီရရှိဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အားအင် အပြည့်အဝ သုံးပြီး ဆောင်ရွက်နိုင်မဲ့ စွမ်းအားကို သူ့အနေနဲ့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်း မြန်မာ စစ်အစိုးရအနေနဲ့လည်း လွတ်လပ်ခွင့်ကို လိုလားတဲ့ မြန်မာ တိုင်းရင်းသား ပြည်သူတွေ အပေါ် နှစ်ပေါင်းများစွာ အကြမ်းဖက် ဖိနှိပ်လာခဲ့တာတွေကို သတိပြု ဆင်ခြင်ဖို့နဲ့ ဒီမိုကရေစီဆိုတာ ခုံခုံမင်မင်နဲ့ ဖက်တွယ်စရာသာ ဖြစ်ပြီး ကြောက်လန့်စရာ မဟုတ်ဘူးဆိုတာ သဘောပေါက်စေလိုကြောင်း မွန်ဂိုလီယား သမတက ပြောကြားပါတယ်။

မွန်ဂိုလီးယားသမတ Elbegdorj ဟာ မနှစ်က အောက်တိုဘာ ၃ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပ-အာရှ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Saturday, March 12, 2011

ဂစ်တာတီးတဲ့ ကျောင်းအုပ်ကြီး Wednesday, 09 March 2011 12:17

တကယ်တော့ ကိုဝင်းချိုက ကျောင်းဖွင့်ပွဲကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းကိစ္စတွေကို လုပ်ဆောင်မယ့် မြန်မာနိုင်ငံသား တယောက် ဖွင့်ပွဲကို ရောက်မလာဘဲ ကျောင်းဘဏ္ဍာငွေတွေကို ယူပြီး ပျောက်သွားတဲ့ အတွက် အဲဒီနေ့မှာပဲ သူက တာဝန်ယူပြီး စာသင်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ ပြောပြပါတယ်။
ခင်ဦးသာ...(ဧရာဝတီဆောင်းပါး)

Thursday, January 6, 2011

မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်


မွန်အမျိုးအနွယ်အတွင်းမှ ပေါက်ဖွားဆင်းသက်လာရသည်ပင် စာရေးသူအနေနဲ့ ဂုဏ်ယူစရာတရပ်ဟုထင်မိပါသည်။ အကြောင်းသော်ကား မွန်လူမျိုးသည် မွန်ခမာအနွယ်မှဆင်းသက်လာသော လူမျိုးကြီးတရပ်ဖြစ်သည့်အပြင် ဂေါတမဘုရားရှင်ပွင့်တော်မူစအချိန်မှစ၍ ရာတနာသုံးပါးလေးစားရမှန်း၊ တစ်ဦးနဲ့တစ်ဦးဆက်ဆံရာတွင်ယဉ်ကျေးသိမ်မွေ့ရမှန်းတစတစသိလာကာ၊ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုအဆင့်ထိတိုးတက်လာသောကြောင့်ဖြစ်ပါသည်။
ဤသို့ခေတ်အဆက်ဆက်ချီတက်လာသော်လည်း စာပေယဉ်ကျေးမှုများမပျောက်ကွယ်ပဲ ယခုထက်တိုင်တည်ရှိနေနိုင်ခြင်းမှာ မွန်မျိုးချစ်များဖြစ်ကြသောဘဘေး၊ ဘိုးဘီဘင်နောင်တော်ဆွေမျိုးစဉ်ဆက်တို့၏ ကျေးဇူးကြောင့်ဟုဆိုလျှင်မှားနိုင်မည်မထင်၊ မွန်ခမာနောက်မှမြန်မာပြည်တွင်းသို့ဝင်ရောက်လာသော ပျူ၊ကမ်းယံ၊သက်လူမျိုးတို့မှာယခုအခါကျောက်စာအချို့မှလွဲ၍ လူမျိုးတစ်ရပ်အနေဖြင့်လက်ဆုပ်လက်ကိုင်ပြစရာလောက်အောင်ပင်ဤနိုင်ငံမှဆိတ်သုန်းသွားရသည်။
ဤသို့လူမျိုးပျောက်ကွယ်ရခြင်းမှာ ငါးကြီးကငါငယ်ကိုစား၊ ငါးငယ်ကပုစွန်ဆိက်ကိုစား၊ ပုစွန်ဆိတ်ကရေညှိကိုစားသကဲ့သို့ လူမျိုးကြီးတစ်ရပ်က လူမျိုးစု၊လူနည်းစုကိုဝါးမျိုသောကြောင့်လည်းကောင်း၊ လူမျိုးချင်းချင်းရောနှောဆက်ဆံ ခြင်းကြောင့်သော်လည်းကောင်း၊ မိတို့၏စာပေယဉ်ကျေးမှုထက် တပါးအမျိုးနွယ်တို့၏ စာပေယဉ်ကျေးမှုကိုအထင်ကြီးသောကြောင့် လည်းကောင်း၊ အစရှိသောအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေလိမ့်မည်။

ဘာသာစကားသည်ပထမ
အမျိုးသားတိုင်းမိမိတို့၏ အမျိုးမပျောက်ကွယ်သွားအောင် အရှည်တည်တံ့အောင် အမျိုးအပေါ်တွင်သစ္စာရှိရမည်၊စောင့်ထိန်းရမည့် တာဝန်ကိုယ်စီရှိရမည်၊ မိမိ၏အမျိုးကို ချစ်ခင်လေးစားရမည်၊ ကမ္ဘာ့လောကတွင် ဤအမျိုးအနွယ်ကမြတ်သည်၊ ဤအမျိုးအနွယ်ကယုတ်သည်ဟူ၍ အတိအကျတိုင်းတာ၍ ရမည်မဟုတ်ပါ။ မိမိ၏လူမျိုးဘယ်အခြေအနေရောက်ရောက်နေစေကာမူ မိမိ၏လူမျိုးရှေ့တန်းရောက်အောင် တိုးတက်လာအောင်ကြိုးစားရမည်မှာ လူတိုင်းရှောင်ဖယ်၍ မရသော အဓိကတာဝန်တရပ်ဖြစ်ပေသည်။
လူမျိုးတစ်ရပ်၏အဓိကလက္ခဏာသည်ကာ ဘာသာစကားပင်ဖြစ်၏။ ကိုယ်ပိုင်ဘာသာစကားမရှိသောလူမျိုးစုတခုအနေဖြင့်ရပ်တည်ဖို့ခဲယဉ်းလှပေသည်။ လူမျိုးတိုင်းကိုယ်ပိုင်ဘာသာစကားရှိသရွေ့ လူမျိုးတစ်ရပ်အ ဖြစ်တည်တံ့နိုင်သေးသည်သာဖြစ်၏။ ဘာသာစကားသာပျောက်ကွယ်သွားရင်“ဒါမွန်လူမျိုးပဲ၊ဒါဗမာလူမျိုးပဲ”ဟုညွှန်ပြစရာပင် ရှိမည်မဟုတ်။ ထို့ကြောင့်မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်းမွန်ဘာသာစကားကိုသင်ကြားရမည်။လေးစားရမည်။ မွန်စကားကိုနေရာတကာပြောကြားရပေမည်။
စာရေးသူတို့ငယ်စဉ်က အစိုးရစာသင်ကျောင်းတွင်နေရသဖြင့် ကျောင်းမှာဗမာလိုအချင်းချင်းပြောကြအိမ်ရောက်ပြန်လျှင်လည်းဗမာလိုပြောကြသည်ကိုအဘိုးလုပ်သူကမြင်ပြင်းကပ်၍ “အိမ်မှာတော့ကိုယ့်အချင်းချင်းမွန်လိုပြောကြပါ”ဟုမိမိတို့ညီအကို ကိုတိုက်တွန်းခဲ့ဘူးသည်။ကလေးဘ၀မှစ၍မိမိ၏မိခင်ဘာသာစကားနှင့်ထိတွေ့မှုမရှိခဲ့ရင်ထိုကလေးသည် ကြီးပြင်းလာသောအခါပိုဆိုးဘို့သာရှိတော့သည်။ မိမိ၏မိခင်ဘာသာစကားကိုလေးစားစားရမှန်းမသိတော့ပဲသူတပါး၏ဘာသာစကားကိုသာအထင်ကြီးလာပေလိမ့်မည်။ မိမိလူမျိုးရဲ့မြင့်မြတ်တဲ့ဘာသာစကားကိုသားသမီးတို့အား လက်ဆင့်ကမ်းပေးရန်ပုခက်လွှဲသောလက်ပိုင်ရှင်မွန်မိခင်တိုင်း၊မွန်ကိုတကယ်ချစ်တဲ့မွန်ဖခင်တိုင်း၏တာဝန်ပင်ဖြစ်ပေသည်။
စာပေသည်ဒုတိယ
လူ့ယဉ်ကျေးမှုစတင်ကတည်းက ဘာသာစကားသည်တစ်ဦးနဲ့တစ်ဦး နားလည်အောင် ဆက်သွယ်ရာတွင် ပနာနကျသောလက်နက်ကရိယာတစ်ခုပင်ဖြစ်သည်။ ဘာသာစကားပေါ်ပေါက်ပြီးမှသာ ဘာသာစကားကိုမှတ်တမ်းတမ်းတင်သည့်စာအရေးအသားပေါ်ပေါက်လာရသည်။ ဘယ်လူမျိုးတွေကမှစာအရေးအသားကဦးစွာပေါ်၍ဘာသာစကားနောက်မှပေါ်သည်ဟူ၍မရှိပေ။ လူတိုင်းလူတိုင်းရှေးဦးစွာ
“ချိုမိုင်မိုင်”သင်လာရသည့်အချိန်မှစ၍ စာသင်ကျောင်းသို့မရောက်မှီကာလအတွင်း“ပုဗ္ဖစရိယမိနှင့်ဘ”တို့၏လက်ထဲတွင်ဘာသာစကားကို သင်ကြားခဲ့ရသည်၊ထိုကြောင့်စာပေသည်လူမျိုးတည်တံ့ရေး၏ဒုတိယမှတ်ကျောက်ဖြစ်ပေသည်။
ယခုအခါမွန်အမျိုးသား၊အမျိုးသမီးတိုင်း မွန်ဘာသာပြောတတ်သည်ကိုထားဘိဦး၊မွန်ဘာသာဖြင့်ရေးတတ်၊ဖတ်တတ်ရန်ခပ်ရှားရှားဖြစ်လာသည်မှာ စာရေးသူအနေနဲ့ အလွန်ဝမ်းနည်းမိပါသည်၊ ဤကဲ့သို့မွန်ဘာသာကိုသာပြောတတ်၍မရေးတတ်၊ မဖတ်တတ်ရခြင်းမှာစာသင်ချိန်အရွယ်ရောက်သည်နှင့် အစိုးရစာသင်ကျောင်းသို့ပို့ကြသောကြောင့်ပင်ဖြစ်ပေသည်။ စာရေးသူအနေနဲ့မွန်ကလေးငယ်များကိုအစိုးရကျောင်းဆီသို့မပို့ရဟု မဆိုလိုပါ။သို့သော်အစိုးရကျောင်းမှာနေရင်းမိဘလုပ်သူကအားလျှင်အားသလိုသင့်တော်သည့်အချိန်မှာ....မွန်စာပေသင်ကြားသင့်ပေသည်။
စာရေးသူအနေနဲ့အစိုးရမူလတန်းကျောင်းနေကတည်းက မွန်စာကိုကောင်းကောင်းရေးတတ်၊ဖတ်တတ်နေပေပြီ၊ အကြောင်းမှာအစိုးရကျောင်းတွင်နေရင်းအဘိုးက ကျောင်းပိတ်ရက်(အဖိတ်၊ဥပုသ်)ရက်နေ့တိုင်းဘုန်းကြီးကျောင်းတက်ခိုင်း၍မွန်စာသင်စေခဲ့သည်။ နွေရာသီကျောင်း(၂)လပိတ်ချိန်တွင်လည်း(၂)လလုံးလုံးဘုန်းကြီးကျောင်းမှာ အချိန်ကုန်ရပြန်သည်။ စာရေးသူအနေနဲ့(၁၂)နှစ်လုံးလုံးစာသင်နေရသည်မှာငြီးငွေ့ခဲ့သည်။ အဘိုးဖြစ်သူ၏အမိန့်ပညတ်ချက်ကိုမလွန်ဆန်ဝံ့၊အဘိုးကိုကြောက်နေရသဖြင့် အစိုးရကျောင်းနှင့်ဘုန်းကြီးကျောင်းတွင်သံသရာလည်ခဲ့ရသည်။အဘိုးကွယ်လွန်သော အခါမှအဘိုး၏ကျေးဇူးကိုဆပ်၍မကုန်နိုင်အောင်ကြီးမားကြောင်းသိရသည်။
ကျနုပ်တို့လူမျိုးများမှာမွန်စာမတတ်လျှင်နေရမည်၊ဘာသာခြားတရုတ်၊ကုလားတို့မှာ အမျိုးသားကျောင်းအသီးသီးဖွင့်ကာအချိန်ပိုင်းသော်လည်းကောင်း၊ အချိန်ပြည့်သော်လည်းကောင်း၊မိမိတို့စာပေကိုသင်ကြားနေ
ကြသည်။ထို့ကြောင့်တရုတ်လူမျိုး၊ကုလားလူမျိုးတိုင်းလိုလိုမိမိတို့၏ ဘာသာစကားကိုပြောတတ်ကြလည့်အပြင် ကောင်းမွန်စွာရေးတတ်၊ဖတ်တတ်ကြပေသည်။ အတုယူစရာကောင်းလှပေသည်။တိုင်းရင်းဖွားမွန်လူမျိုးအနေဖြင့်မွန်စာတတ်ရန်ဘုန်းကြီးကျောင်းကိုသာအားကိုးရရှာသည်။ မွန်အမျိုးသားကျောင်းဟူ၍အသီးအခြားမရှိခဲ့။ဘုန်းကြီးကျောင်းဆိုရာ၌လည်းကျောင်း သူများကိုလက်ခံသည်မဟုတ်၊ထို့ကြောင့်မွန်စာကို
ဖတ်တတ်စရာရှိလျှင်ယောကျာ်းများသာတတ်၍မိန်းမများမတတ်ပဲရှိကြရသည်။ မွန်ဒေသရှိအချို့သောမူလတန်းစာသင်ကျောင်း၌မွန်စာကို သင်ကြားပေးသည်ဆိုသော်လည်းထိထိရောက်ရောက်မရှိ။ မတောက်တခေါက်နဲ့သာအချိန်ကုန်ခဲ့ရသည်၊တချိန်ကမော်လမြိုင်ကောလိပ်တွင်မွန်ဘာသာကို(Optional Subject)စိတ်ကြိုက်ဘာသာတရပ်အနေဖြင့်သင်းကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင်“ဖုတ်လေသည့်ငပိ၊ရှိသည်ဟုပင်မကြားမိတော့” အချုပ်အားဖြင့်ဆိုရလေသော်ဘာသာခြားစာပေကိုတတ်သင့်သလို ကိုယ့်စာပေကိုမသင်မနေရ၊တတ်အောင်သင်ရမည်။ဘာသာခြားစာပေကိုတော့တတ် ပါလျှက်မိမိစာပေကိုတော့မတတ်ဘူးဆိုလျှင်ရှက်စရာပင်ကောင်းလှပေသည်။ သို့သော်ဤရှက်စရာကိုအချို့ကဂုဏ်ယူစရာအဖြစ်ပြောနေ
ကြသည်ကိုကြားရတိုင်းစာရေးသူအနေဖြင့်ဆတ်ဆတ်ခါနားကျည်းလှသည်။ မိမိစာပေကိုတော့ဘယ်နည်းနဲ့မဆိုဆရာကောင်းရှာ၍တတ်မြောက်အောင်သင်ကြားရပေလိမ့်မည်။
ယဉ်ကျေးမှုသည် တတိယ
ဘာသာစကားနှင့်စာပေတိုးတက်လေလေယဉ်ကျေးမှုတိုးတက်လေလေဖြစ်ပေမည်။ ဘာသာစကားနှင့်စာပေကိုကြည့်ကာမျှဖြင့် လူမျိုးတရပ်၏ယဉ်ကျေးမှုအဘယ်မျှအဆင့်အတန်းရှိသည်ကိုခန့်မှန်းနိုင်ပေသည်။ ဘာသာစကားနှင့်စာပေမှာယဉ်ကျေးမှု၏ ပင်ရင်းမူလ(သို့)အခက်အလက်များဖြစ်သော်လည်း၎င်းကောင်းတို့ကိုသီးခြားတင်ပြရခြင်းမှာ၎င်းတို့သည်ယဉ်ကျေးမှု၏၀ိသေသလက္ခဏာများဖြစ်သောကြောင့်ပင်ဖြစ်လေ၏။
ယဉ်ကျေးမှုဟုဆိုရာ၌လူမျိုးတမျိုး၏ဓလေ့ထုံးစံ၊အသက်မွေးမှု၊ဘာသာရေး၊နေထိုင်မှု၊၀တ်စားဆင်ယင်မှု၊အနုပညာစသည်ဖြင့်အလွန်ကျယ်ဝန်းလှသည်။ R.W.Emenson အာဒဗလျူအီမာဆင်က ယဉ်ကျေးမှု၏ အတိုင်းအတာအစစ်မည်သည်သန်းကောင်စာရင်းအရလူဦးရေများခြင်း၊နည်းခြင်းမဟုတ်၊တိုင်းပြည်ပမာ ဏ၊ထွက်ကုန်ပမာဏလည်းမဟုတ်။ တိုင်းပြည်ကမွေးထုက်ပေးသောလူ၏အမျိုးစားသာဖြစ်၏၊ဟုဆိုခဲ့သည်။ မှန်၏။ယဉ်ကျေးမှုသည်သဘာဝလောကကြီး၏ တိုးတက်ပြောင်းလဲမှုကိုတိုင်းတာသည့်ပြဒါးတိုင်ပင်ဖြစ်ပေသည်။ ခေတ်ဟောင်းယဉ်ကျေးမှုရော၊ ခေတ်သစ်ယဉ်ကျေးမှုရောပါအဆိုးအကောင်းဒွန်တွဲလျှက်ပင်ရှိကြပါသည်။ ခေတ်ဟောင်းယဉ်ကျေးမှုတိုင်းခေတ်မမှီတော့ဟုဆိုပြီးမပစ်ပင်သင့်ကောင်းသည် လည်းများစွာရှိသည်။ ကောင်းသည်ကိုဆက်လက်ထိန်းသိမ်းပြီးမကောင်းသည်ကိုလည်း ပြုပြင်သင့်သလောက်ပြုပြင်ပြီးအသုံး
ပြုသင့်သည်။ တိုးတက်သောခေတ်ကြီးနှင့် အမှီဆိုပြီး ရှေ့လောကြီး နေ၍မပြီး၊ “အရင်လိုလမ်းအိုလိုက်“ ဆိုကကဲ့သို့ လိုက်သင့်သော နေရာတွင် လိုက်ရသည်။ “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်“ ဟူသကဲ့သို့ ထွင်သင့်သောနေရာတွင် ထွင်ရပေမည်။
ဥပမာပြရသော် အနုပညာနဲ့ ကဗျာအလာင်္ ဘက်တွင်အသစ်တီထွင်၍ ဖြည့်စိက်စရာများစွာ လိုအပ်နေသေးသည်။ ဤမျှနှင့် ပြည့်စုံမည်ဟူ၍ ကျေနပ်မနေသင့် ၊ အနုပညာဆိုရာ၌ အကတေးသီချင်းနှင့် တူရိယာတို့ကို အထူးဆိုလိုသည်။ တူရိယာဘက်တွင် ဗုံ၊မောင်း၊ပွေး၊နှဲ၊ပတ္တလား စစည်တို့ကို ဆက်လက်ထိန်းသိမ်းသင့်သလို ခေတ်ပေါ်တူရိယာများဖြစ်သော စန္ဒယား၊ဘင်ဂျို၊မယ်ဒလင်၊ဘာဂျာ၊အကော်ဒီယံ၊ဂီတာ စသည်တို့ကိုလည်းမွန်တူရိယာအတွင်းသို့ မွေးစားသင့်သည်ဟု မြင်သည်။ အကဖက်၌လည်း ရှေးမွန်နှစ်ပါးသွား၊အငြိမ့် စသည်ဖြင့်အားရမနေပဲ ခေတ်ပေါ်က ကြိုးကကွက်များကို ပညာရှင်တို့မွေးထုက်သင့်ပေသည်။
တေးသီချင်းဆိုရာတွင် ဆင့်နှစ်ရာသီ သီချင်း၊သားချော့သီချင်း စသည်တို့နဲ့အားရမနေသင့်ပဲ ယခုခေတ်ပေါ်ကမ္ဘာ့သီချင်းများကဲ့သို့ အတုယူသင့်သောနေရာတွင်အတုယူ၍ ဖွဲ့ဆိုသင့်ပေသည်။ ကဗျာအလင်္ကာ ဆိုရာတွင် မွန်တို့သည် ဗမာတို့ထက် စာပေအရာစောသော်လည်း ရေရှည်တွင် ဗမာတို့နောက် ပြတ်ကျန်ရစ်သည်ကိုဝန်ခံရပေမည်။ မွန်ကဗျာ၊အလင်္ကာ၌ ဆိုခဲ့ပြီးသော သီချင်းများနှင့်အဓိကအားဖြင့် ၀ိုင်း(၉)၀ိုင်း၊သံပေါက်၊လင်္ကာ(၈)လုံးတွဲစသည်တို့ကိုသာတွေ့ရသည်။ ဗမာတို့ကဲ့သို့ ဒွေးချိုး၊တေးထပ်၊တျာချင်း၊အိုင်ချင်း၊အဲချင်း စသောစပ်နည်းများ ဝေေ၀ဆာဆာမြိုင်မြိုင်ဆိုင်ဆိုင် မရှိကြပဲ ရေနည်းငါးပမာ ဖြစ်နေသည်ကို ပညာရှင်တို့ သတိပြုသင့်လှပေသည်။ ပြီးနောက် မွန်ကဗျာ့ဥယျာဉ်ကြီး စည်စည်ကားကား ဖြစ်လာရန်၊ မွန်က၀ိစာဆိုတို့သည် မိမိတို့တက်နိုင်သည့်ဘက်က စိုက်ပျိုးရေလောင်း၊မြေတောင်မြှောက်ပေးသင့်သည်။
ဆင်ယင်ထုံးဖွဲ့မှု၌ မိမိရိုးရာအတိုင်း ၀တ်စားဆင်ယင်ထုံးဖွဲ့ခြင်းသာလျှင်..ဘယ်မမုန်းနိုင်၊စံပယ်ကုံးခိုင်...ဖြစ်တော့သည်။

ပေါင်းသင်းဆက်ဆံရေးသည် စတုတ္ထ
မိမိ၏အမျိုးကို စောင့်ထိန်းလိုလျှင် မည်သည့်အမျိုးသား၊အမျိုးသမီးကိုမဆို၊မိမိလူမျိုးအချင်းချင်းနဲ့သာ ထိမ်းမြှားမင်္ဂလာပြုသင့်ပေသည်။ ဘာသာခြားနှင့် ထိမ်းမြှားခြင်းမှာ မည်သည့်လူမျိုးမဆို မလိုလားအပ်သော ကိစ္စတရပ်သာဖြစ်၏။ထိုသို့ လူမျိုးစပ်၍ မွေးဖွားလာသူတို့မှာ မည်သည့်လူမျိုးကိုမှ ကိုယ်စားမပြုနိုင်၊ ပေါက်ဖော်လည်းမစစ်၊ ပန်းသေးသာဖြစ်၍ မွန်တို့အနေဖြင့်“ တလိုင်း” (ဖအေပျက်သား) ဟူ၍ရှုတ်ချအပ်သော အမျိုးအဖြစ်သို့ ရောက်လိမ့်မည်။ အချုပ်အားဖြင့် သင်သည်မွန်အမျိုးသား၊ အမျိုးသမီးတစ်ဦးဖြစ်၍ “မွန်တွေကိုတကယ်တန်းချစ်တယ်ဆိုရင်” မွန်ဘာသာစကားကိုပြော၊ မွန်စာကိုတတ်ရန်၊သင်၊ရေး၊ဖတ် မွန်ယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ထိန်းသိမ်းခြင်းအားဖြင့် မိမိတို့အမျိုးဂုဏ် စောင့်စည်းသင့်ကြောင်း တိုက်တွန်းလိုက်ရပေသည်။ ။ သာထွန်းမွန်
ဝန်ခံချက်။ ။ ကျနော်ဖတ်ခဲ့ရသော တက္ကသိုလ်မွန်မဂ္ဂဇင်း(၁၉၇၁-၇၂)မှ မွန်အရှင် ကောသလ္လ(ဘီအေ-ဓမ္မာစရိယ)၏ဆောင်းပါးအား မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မတောင်းခံမိသည်ကို မွန်အရှင် ကောသလ္လ အားတောင်းပန်အပ်ပါသည်။

Thursday, December 23, 2010


စနစ်ဆိုးရဲ့မြေခွေးများ
စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ ဘာသာစကား
ငါလွတ်လွတ်လပ်လပ်
ပြောခွင့်မရခဲ့။
စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ စာပေ
ငါလွတ်လွတ်လပ်လပ်
သင်ကြားခွင့်မရခဲ့။
စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ ယဉ်ကျေးမှု
ငါလွတ်လွတ်လပ်လပ်
ဖော်ထုက်ခွင့်မရခဲ။
စနစ်ဆိုးကြောင့်
ငါ့ဘ၀ရဲ့ အနွေးထွေးဆုံးနေရာ
အမေ့အိမ်ကို ငါစွန့်ခဲ့ရတယ်၊
......ဒီလိုနဲ့....
စနစ်ဆိုးရဲ့ဖန်တီးမှုကြောင့်
စနစ်ဆိုးရဲ့သားကောင်တို့
ဆုံးဆည်းရာ တနေရာမှာတော့.................
ငါ့မိခင်ရဲ့ဘာသာစကား
ငါ့မိခင်ရဲ့စာပေ
ငါ့မိခင်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု
အစွန်းအဆုံးအထိ
ငါ့ရဲ့ရိုးသားမှု....ငါ့မိခင်ရဲ့နှလုံးသားကိုပါ
စနစ်ဆိုးရဲ့....မြေခွေးတသိုက်က
ဖျက်ဆီးနေကြပြီပေါ့။ ။


သာထွန်းမွန်