Saturday, September 3, 2011

အိမ်ပြန်ချိန်


ငါ့လှေ ငါထိုး
ပဲခူးရောက်ရောက်
ငယ်စဉ်တုန်းက မူလတန်းမှာ
ကြားခဲ့ဖူးပါတယ်။
သမိုင်းစာအုပ်ထဲကပေါ့
သက်ဦးဆံပိုင် မင်းညစ်တွေကြောင့်
မှန်နန်းထင်းဖြစ်သွားတဲ့အကြောင်း
ငယ်စဉ်တုန်းအခါ အလယ်တန်းကတည်းက
လေ့လာခဲ့ဖူးပါတယ်။
ငါသည် မွန်ဂိုးလီးယားအနွယ်
ငါသည် စစ်တကောင်းအနွယ်တဲ့
ဝါဒအစွဲအမျိုးသားရေးတွေနဲ့
ဆိုရှယ်လစ်တဖြစ်လဲ...စစ်အာဏာရှင်တို့ရဲ့အကြောင်း
ငယ်စဉ်အရွယ် အထက်တန်းဘ၀မှာ
လေ့လာမှတ်သားခဲ့ပါတယ်။
ဒီမိုကရေစီသည် ငါတို့၏ဘဝ
ဒီမိုကရေစီသည် ငါတို့လူမျိုး၏
လွတ်မြောက်ရာလမ်းအဖြစ်....
၉၆ရဲ့ ဒီဇင်ဘာ(၁၂)မှာ သူတို့လေးတွေနဲ့အတူ
ကျနော် လက်တွေ့ပြသခဲ့ပါတယ်။
ပန်းသတင်း လေညှင်းဆောင်ပေမဲ့
ပေါက်ပန်းတို့ရဲ့ ၀တ်ရည်ကိုတပ်မက်မိတဲ့
လိပ်ပြာလေးတကောင်လို ကျနော်ဟာ
သင်းပျံ့လှပတဲ့ပန်းတို့ရဲ့ ၀တ်ရည်ကို
ရှာဖွေနေဆဲပါပဲ။
သြော်…အိမ်ပြန်ချိန်တဲ့လား
တံခါးလေးက ဟတ၀က်
လှေကားလေးက မခိုင်လို့ယိုင်ကာ
ဧည့်ခန်းရဲ့မှန်လေးတချပ်က ကွဲနေမှတော့။ ။


သာထွန်းမွန်