Friday, March 18, 2011

ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီယား သမတ ထောက်ခံ


2011-03-18

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယားနိုင်ငံ သမတ Elbegdorj က မတ်လ ၁၇ ရက် မနေ့ညက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေမှုတွေကို ထောက်ခံ အားပေး စကားပြောခဲ့တယ်လို့ မွန်ဂိုလီးယားနိုင်ငံ သမတရုံးက သတင်းထုတ်ပြန်ပါတယ်။

Photo: AFP

မွန်ဂိုလီးယားသမတ အယ်လ်ဘက်ဒေါ့ဂ်ျ (ယာ) သည် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ဝဲ) အား ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆယ်လ်မြို့တွင် ၂၀၁၀ ခုနှစ် အောက်တိုဘာ လဆန်းက ကျင်းပသော ဥရောပ-အာရှ အစည်းအဝေး (ASEM) တက်ရောက်စဉ် (ပုံ) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် တိုက်တွန်း ပြောကြားခဲ့ပါသည်။ (Photo: AFP)

မွန်ဂိုလီယား သမတက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်အတွက် အင်မတန် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း၊ မွန်ဂိုလီးယားနိုင်ငံအနေနဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ပြီး လူ့အခွင့်အရေးနဲ့ စီးပွားရေးတိုးတက်လာအောင် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ခဲ့တာတွေဟာ မြန်မာနိုင်ငံအတွက် ဥပမာဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် မွန်ဂိုလီယားသမတက အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ လွတ်လပ်ခွင့် ရရှိဖို့ တောင်းဆို ကြိုးပမ်းနေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အခြေအနေတွေကို ဆက်လက် ကြည့်ရှု အားပေးနေသလို မြန်မာပြည်သူတွေ အနေနဲ့လည်း ဒီမိုကရေစီရရှိဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အားအင် အပြည့်အဝ သုံးပြီး ဆောင်ရွက်နိုင်မဲ့ စွမ်းအားကို သူ့အနေနဲ့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်း မြန်မာ စစ်အစိုးရအနေနဲ့လည်း လွတ်လပ်ခွင့်ကို လိုလားတဲ့ မြန်မာ တိုင်းရင်းသား ပြည်သူတွေ အပေါ် နှစ်ပေါင်းများစွာ အကြမ်းဖက် ဖိနှိပ်လာခဲ့တာတွေကို သတိပြု ဆင်ခြင်ဖို့နဲ့ ဒီမိုကရေစီဆိုတာ ခုံခုံမင်မင်နဲ့ ဖက်တွယ်စရာသာ ဖြစ်ပြီး ကြောက်လန့်စရာ မဟုတ်ဘူးဆိုတာ သဘောပေါက်စေလိုကြောင်း မွန်ဂိုလီယား သမတက ပြောကြားပါတယ်။

မွန်ဂိုလီးယားသမတ Elbegdorj ဟာ မနှစ်က အောက်တိုဘာ ၃ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပ-အာရှ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။