Thursday, September 26, 2013

ပေါက်ပန်းတို့ဝေတဲ့ နွေ



စာရေးဆရာ ကောင်းသန့်၏ မေ့မရသော အတိတ်များ စာအုပ်ငယ် လေးအား အကြိမ် အကြိမ် အခါခါ ဖတ်ခဲ့ ပြီးနောက် ရင်၌ ရက်လ များစွာ ရေးချင် နေခဲ့သော ဒီဆောင်းပါးလေးအား ရေးဖြစ်ပါတော့သည်။ စာရေးဆရာ ကောင်းသန့်သည် အတိတ် ဆိုသည်မှာ လူတစ်ယောက် အတွက် ကုန်လွန်ခဲ့ပြီး လေသော အချိန်ကာလပင် ဖြစ်ပါသည်။ လူတစ်ယောက် တစ်ယောက်တွင် လွမ်းမောဖွယ်ရာ အတိတ် ရှိသကဲ့သို့ နာကျည်း ကြေကွဲဖွယ်ရာ အတိတ်များလည်း ရှိတတ်ပါသည်။ ထို့အတူ မေ့လွယ် ပျောက်လွယ်သော အတိတ်များ ရှိသကဲ့သို့ နှလုံးသားတွင် ထင်ကျန် ရစ်ခဲ့သော အတိတ်များလည်း ရှိပါသည်ဟူ၍ သူ၏ ခံစားချက်ကို ရိုးရှင်းစွာ စာဖတ်သူတို့အား မျှဝေ ခဲ့ပါသည်။ ထိုကြောင့်......။

 အကြောင်း အမျိုးမျိုးထဲက တခုတည်းသော အကြောင်းကြောင့် ကျနော် အချြေ နေထိုင်ရာ တတိယ နိုင်ငံ ထဲက မြို့ငယ်လေး တစ်မြို့သည် နေချင်စဖွယ် ကောင်းလောက်အောင် သာယာ လှပတဲ့မြို့ငယ်လေး တစ်မြို့ပါပဲ။ နွေရာသီ အားလပ်ရက်မို့လည်း မြို့ရဲ့ နွေရာသီ အပန်း ဖြေစရာ ကန်ရေပြင် ၀န်းကျင် ကတော့ အားလပ်ရက် ကျောင်းသူ၊ ကျောင်းသားတွေ၊ မို့ခံမိဘပြည်သူတွေ၊ နယ်ဝေးက အလည်လာ အမန်းဖြေသူတွေ၊ ဒီ့အပြင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေနဲ့ တောက်ပ နွေးထွေးတဲ့ နေရာင် အောက်မှာ သာယာ လှပ လို့နေ ပါတော့တယ်။ ကန်ရေပြင် အေးအေး ကတော့ အပြာရောင် သန်းလို့၊ ကန်ရေပြင် အပေါ် ဖြတ်လျှောက် လာတဲ့  လေပြေ ညှင်းလေး ကတော့ ချစ်သမီးလေးတို့ဆော့ကစားနေရာ မြက်ခင်း လွင်ပြင်ပေါ်က ရောင်စုံ ပေါက်ပန်း လေးတွေကို ကျီစယ် နေလေရဲ့။ 

မိသားစုနဲ့အတူကျနော် ရောက်ရှိ အပန်းဖြေနေတဲ့ နေရာ ကတော့ အထပ်ထပ် အလွှာလွှာ ညီညာ တိုက်ခန်း လေးတွေ ၀န်းရံနေတဲ့ကြည် လင်ပြာ လဲ့လဲ့ ကန်ရေပြင် နံဘေးက ရောင်စုံ ပေါက်ပန်းလေးတွေ ဝေဆာနေတဲ့ မြက်ခင်းပြင်ပါပဲ။ ရောင်စုံ ပေါက်ပန်းလေး တွေဝေ ဆာနေတဲ့ မြက်ခင်းပြင် နေရာမို့လည်း  အဲဒီ မြက်ခင်းပြင် ပေါ်မှာ တစ်ချို့သော ကလေးငယ်များသည် အပေါင်းသင်း သူငယ်ချင်းတွေနဲ့ ကလေးတို့သဘာဝ အပူအပင် ကင်းမဲ့လှစွာ ရီကာမောကာ ဆော့ကစား နေကြချိန်မှာ တချို့သော အုပ်ထိန်းသူတွေက နေလှုံရင်းစာ ဖတ်နေကြသလို၊ တစ်ချို့သော ကလေးငယ်တို့ ကန်ရေထဲ ရေကူးနေကြချိန်မှာ အုပ်ထိန်းသူတွေက ရေမနစ်အောင် ဂရုတစိုက် စောင့် ရှောက်နေကြပါတယ်။ "သွန်သင်လမ်းပြ စရာ ရှိရင်တော့ ကိုယ်စီကိုယ်စီ ကိုယ်ပိုင် မိခင် ဘာသာ စကားနဲ့ပါပဲ"။ 
ကျနော် ကတော့ ကောင်းသန့်၏ မေ့မရသော အတိတ်များ စာအုပ်ငယ် ကလေးနဲ့ ကန်ရေပြင်နဲ့မြက်ခင်းပြင်ကြားက အမောဖြေခုံတန်းပေါ်မှာ ငြိမ့်ငြိမ့်လေးပါပဲ။ ကန်ရေပြင်ကို ပတ်ကာ ဖောက်လုပ် ထားတဲ့ လမ်းသွယ်လေး ထက်မှာတော့ လမ်းလျှောက်ရင်း တစ်ချို့သော ချစ်သူစုံ တွဲလေးတွေက ရီကာမောကာ ကိုယ်စီကိုယ်စီ အပြုံးလေးတွေနဲ့မို့ နွေရာသီ အားလပ်ရက်ရဲ့ရှုခင်းကတော့ တကယ်ကို လှပနေပါတယ်။ မေ့မရသော အတိတ်များ စာအုပ်ငယ်လေးထဲ အတွေးတွေ နစ်နေတုန်း"ဖေဖေ ဒီပန်းလေးတွေက အရမ်းလှတာပဲ ဒါပေမဲ့ ဘာဖြစ်လို့ မမွှေးတာလဲ" သမီးအကြီးလေးရဲ့နောက်က ရုတ်တရက် အမေးလေးတွေကြောင့် လှည့်ကြည့် လိုက်တော့ သူတို့လေးတွေရဲ့လက်ထဲမှာ နွေရာသီမှာ လမ်းဘေး၌ အလိုအလျှေက် ပေါက်နေတတ်တဲ့ အ၀ါရောင် ထောပတ်ပန်းလေးနဲ့။"ဒီပန်းလေး တွေဟာကျနော် တို့ဆီက နေကြာပန်းလို ပုံစံပန်းလေးတွေပါ။ "ဒါပေမဲ့ဒီထောပတ် ပန်းတွေက အပင်ပုတယ် မြေပြင်ကနေ အမြင့်ဆုံး တထွာနှစ်ထွာလောက်ပဲ မြင့်ပါတယ်။ လှပေမဲ့ ရနံ့မရှိ။ 

အဆာပြေမုန့်စားနေရင်း ရေသောက်နေကြတဲ့ ချစ်သမီး ညီအမကို ကြည့်ရင်း"လူ့ပေါက်ပန်း"ဆိုတဲ့ ကျနော် ငယ်စဉ်ဖတ်ခဲ့ဖူး တဲ့ကဗျာ ခေါင်းစဉ်လေးအား ပြန်အမှတ်ရ မိပါတော့တယ်။ သို့သော် ကဗျာ စာသားလေးတွေကိုတော့ မမှတ် မိတာ့ပါ။ ထားပါတော့ မူကြိုကျောင်း သူလေးအရွယ် သမီးလေးနှစ်ယောက်အား ပေါက်ပန်းတို့ရဲ့အကြောင်း ဒီအချိန်မှာ ရှင်းမပြချင်သေးပါ။  စိတ်ချမ်းမြေ့စရာ တွေနဲ့ပြုစု ရမဲ့အရွယ်မဟုတ်လား။ 
တစ်နေ့တာရဲ့ရည်မှန်းရာခရီး မဆုံးသေးတာကြောင့် ကိုယ်စီစက်ဘီး ဦးထုပ်လေး ဆောင်းပြီး ရှေ့ခရီး အတွက် ပြင်ဆင် ကြရပါတော့တယ်။ စက်ဘီး စီးတတ်ကာစ သမီး အကြီးကတော့ ရှေ့ကနေ တက်တက်ကြွကြွနဲ့ပေါ့ ချစ်သမီးငယ်လေးကတော့ ကျနော့်ရဲ့နောက်မှာ လုံခြုံတဲ့ခုံလေး ပေါ်မှာ  မူကြိုကျောင်းက တတ်လာတဲ့ ကလေးတေးကဗျာ ကို မှတ်မိမမှတ်မိ နဲ့ကန်ရေပြင် အပေါ် ဖြတ် လျှေက်လာတဲ့ လေညှင်းနဲ့ ငြိမ့်လို့။ရှေ့က သမီးအကြီးကတော့ စူးစမ်း တတ်စ အရွယ်လေးမို့ သူရဲ့ချစ်အမေလေးနဲ့ တတွတ်တွတ် လေးပါပဲ။ 

စက်ဘီးကိုနင်းနေရင်း လမ်းဘေးနှစ်ဖက်မှာ ရောင်စုံ ပေါက်နေတဲ့ သဘာဝ အလှ"ပေါက်ပန်းလေးတွေ ကိုကြည့်ရင်း"ကျနော့်ဘ၀ရဲ့ မေ့မ ရသော အတိတ်လေး တခု အတွေးထဲ ၀င်လာ ပါတော့တယ်။ နေရာက....ကျနော့် အဖေကျောင်းအုပ် ဆရာအဖြင့် တာဝန် ကျရာ အဲဒီ အချိန်တုန်းက မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာနေရာ (အမဲရောင်နယ်မြေ)။ အချိန်ကား ဦးနေ၀င်း ခေါင်းဆောင်တဲ့ မဆလခေတ်။ အဲဒီလို မဆလ အစိုးရ စစ်တပ် လက်လှမ်း မမှီတဲ့ အမဲရောင်နယ်မြေထဲက ဘုန်းကြီးကျောင်းနားက ဘော်လုံးကွင်းရဲ့ရှေ့ မှာ ရှိနေတဲ့မူလတန်းကျောင်း လေးကတော့ ကျောင်းသူ၊ ကျောင်းသား (၂၀၀)၀န်းကျင်ဆန့်  အင်္ဂလိပ် အက္ခရာ အယ်ပုံစံပါပဲ။ ကျောင်းရဲ့အလံတိုင်နဲ့ ကပ်ရပ်မှာတော့ "စကားဝါ" ပင်ပျိုလေး တစ်ပင် ကတော့ တည်တည်တဲ့တဲ့။

ကျနော် ယနေ့တိုင် မေ့မရနိုင်အောင် အမှတ်ရနေတဲ့ တောကျေးလက်က အဲဒီ စကားဝါ ပန်းလေးတွေကတော့ အပင်ပေါ်မှာ ဝေလည်း မွှေးပြီး၊ မြေပြင်ပေါ် ကြွေကာ ကျလည်း ရနံ့မပြယ် မွှေးနေတတ်တဲ့..အ၀ါရောင် ပန်းလေးတွေပါပဲ။ .ကျောင်းဖွင့်ချိန်နွေရာသီ စကားဝါ ပန်းလေးတွေ ပွင့်ပြီဆိုရင် ကျနော်တို့ကျောင်းသွားဖော် သူငယ်ချင်းများသည် မြေပြင်ပေါ်ကြွေကာ ကျနေတဲ့ စကားဝါလေးတွေကို သော်လည်းကောင်း၊ အပင်ပေါ် မှာ ဝေကာ ပွင့်နေတဲ့ စကားဝါပန်းတွေကို လည်းကောင်း၊ အလုအယက် ကောက်ကာ တဖုံ၊ အပင်ပေါ် တက်ကာ ခူးကာ တမျိုး၊ အလုအယက် ကောက်ကာ ခူးပြီး၊ ကျောင်းစာ သင်ချိန်တွင်း မှာတော့ အ၀ါရောင် စကားဝါ ပန်းလေး တချို့ကတော့ ဗလာ စာအုပ်ထဲမှာ သော်လည်းကောင်း၊ အ၀ါရောင် စကားဝါ တချို့ကတော့ လွယ်အိတ်ထဲမှာပေါ့။

အဖေကျောင်းအုပ် အဖြင့် တာဝန် ကျရာ ဤတောလက် ကျေးရွာသည် အမဲရောင် နယ်မြေ ပီပီ ရပ်ဝေးနယ်ဝေးက ဗမာစာကို သင်မဲ့ကျာင်း ဆရာဆိုလို့အဖေရယ် ကျနော် မမှိတ်မိတော့တဲ့ နောက်ထပ် ကျောင်းဆရာမ နှစ်ယောက်လောက်ပဲ ရှိပါတယ်။ ကျန်တာတွေ အကုန်ကတော့ အဖေ့ရဲ့ခွင့်ပြုချက် နားလည်မှုတွေနဲ့ မွန်စာကို သင်ပေးနေတဲ့ မွန်ကျောင်း ဆရာ ချည်းပါပဲ ကျောင်းထဲက ကျောင်းသူ/ ကျောင်းသားတွေ ကတော့ မွန်ကျောင်း ဆရာတွေ ၀င်လာတဲ့ အချိန်မှာ မွန်စာကို သင်ယူရပြီး၊ ဗမာကျောင်းဆရာမတွေ ၀င်လာတဲ့ အချိန်မှာတော့ ဗမာကို သင်ယူကြရပါတယ်။ အဖေကတော့ ရံဖန်ရံခါပါပဲ ဘာကြောင့်ရယ်မှန်းတော့ မသိပါ ကျနော်သည် အဲဒီ မူလတန်း ကျောင်းသားဘ၀ထဲက စပြီ အဖေ့ရဲ့ကျေးဇူးကြောင့် မွန်စာနဲ့ရင်းနှီးခွင့် ရခဲ့ပါတော့တယ်။ 

ကျနော် မမွှေးခင် ကတည်းက အဲဒီတောလက် ကျေးရွာမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အဖေသည် ကျနော် ဒုတိယတန်း ကျောင်းသား ဘ၀မှာပဲ နောက်ထပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ အမဲရောင် နယ်မြေ တောလက်ကျေးရွာ တနေရာကို တာဝန်အရ ပြောင်းရွှေ့ရပါတော့တယ်။ အဖေ တာဝန်ကျတဲ့ ဤနေရာ အသစ်ကတော့ ကျနော့်အတွက် ကံကောင်း သွားခဲ့တာလားတော့ မပြောတတ်ပါ။ မွန်စာကိုနေ့စဉ်နဲ့အမျှ ကျောင်းချိန်တိုင်းမှာ မွန်စာကို အချိန်ပြည့် သင်ခွင့်ရခဲ့ပါတော့တယ်။ အဖေကတော့ ကျောင်းကို ရံဖန်ရံခါမှာမှ သာလျှင် ကျောင်းကို လာတတ်သည်။ မွန်ကျောင်း ဆရာ တယောက်အား နားလည်မှုတွေနဲ့ ကျောင်းအုပ် သဖွယ်ကျောင်းကို အပ်ထားခဲ့ပါတယ်။  အဲဒီ မွန်ကျောင်းဆရာရဲ့စေတနာကြောင့်လည်း မွန်မိဘနှစ်ပါးက မွေးဖွား လာတဲ့ ကျနော်သည် ကျောင်းချိန်ပြင်ပ ညအချိန်မှာ အမြဲတမ်းလိုလို ဘုန်းကြီးကျောင်းကို သွားပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စ အလုပ်တွေနဲ့အတု ဘုရားစာ၊ ဘုရားဂါထာ တွေနဲ့ထပ်၍ ရင်းနှီးခွင့် ရခဲ့ပါတော့တယ်။

အဖေ တာဝန်ကျတဲ့ အဲဒီတောလက်ကျေးရွာရဲ့နွေရာသီ ညနေခင်းလေးတခု ။  အဖေ့အား အစစအရာရာ ဒီရွာကို စရောက် ကတည်းက ကူညီနေတဲ့ အဖေ့ သူငယ်ချင်း အိမ်မှာ ဖိတ်ထားချက် အရ အလည်သွားဘို့ကျနော့်အား ခေါ်သွား ပါတော့တယ်။  အဖေ့သူငယ်ချင်း အိမ်မှာတော့ ရောက်တတ်ရာစကားဝိုင်းဖွဲ့ဘို့အလည်ရောက်လာတဲ့ လူတွေနဲ့ လူစုံတက်စုံပါပဲ။ တောဓလေ့ရောက်တတ် ရာရာ စကားဝိုင်းမို့လည်းရီကာမောကာ ကျနော်ယနေ့တိုင်မှတ်မိနေဆဲ စကားလုံးတချို့ကတော့.....။

ဒီရွာကို အစိုးရခန့်ကျောင်းအုပ် တယောက် အနေနဲ့ သူငယ်ချင်းက ရောက်လာပြီးတော့ ကလေးအတွက် ဗမာစာ သင်ပေးတာ နည်းလွန်းတယ်၊၊ ခလေးတွေရဲ့နောင်ရေးလည်း ကြည့်ပါအုံး..။ ကျောင်းကိုလည်း မှန်မှန်သွားပြီး စီမံခန့်ခွဲစေချင်တယ်" ဟူသော် အမေးအတွက် အဖေ့ရဲ့ ရိုးရိုးသားသား အဖြေကတော့...သူငယ်ချင်းရာ ကိုယ်လည်းပဲ ကလေးတွေကို ဗမာစာနဲ့ ဗမာစကား အခွင့်သင့်သလို သင်ပေးနေတာပဲ ဗမာပြည်မှာ ရှိနေမှကတော့ သူငယ်ချင်းရဲ့သားသမီးတွေ အချိန်တန်ရင် ဗမာစကား၊ ဗမာစာ အလိုလို တတ်သွားမှာပါ။ အခုလောလောဆယ် သူငယ်ချင်းရဲ့သားသမီးတွေ မွန်စာကိုပဲ အရင်တတ်အောင် သွန်သင် ဆုံးမလမ်းညွှန်းပေးပါ"သတဲ့။

အဲဒီလို အဖေ့ရဲ့ကျေးဇူးတွေကြောင့် ကျနော်သည် မူလတန်းကျောင်းသား ဘ၀မှာကတည်းက မွန်စာကို ထိုက်သင့် သလောက် ဖတ်တတ်ရေးတတ်နေပါပြီ။ အဖေ မရှိတော့ တဲ့နောက် အလယ်တန်းကျောင်းသား ဘ၀နဲ့ အထက်တန်းရောက်တော့လည်း နွေရာသီ အားလပ်ရက်တွေမှာ ဆိုရင်လည်း ရွာက ဘုန်းကြီးတွေ ညအချိန်မှာ ဖွင့်တဲ့ မွန်စာ သင်တန်းကို လေ့လာ သင်ကြားခဲ့ပြန်ပါတယ်။ ရွာက ဘုန်းကြီးတွေရဲ့ကျေးဇူးကြောင့် မွန်သဒ္ဒါနဲ့၊မွန်စာရေးနည်းကို အနည်းအကျည်း တတ်မြောက် လာခဲ့တဲ့ ကျနော်သည် တက္ကသိုလ်ရောက်ပြန်တော့လည်း မော်လမြိုင် တက္ကသိုလ်ရဲ့မွန်စာပေနဲ့ယဉ်ကျေးမှု အသင်းက ဖွင့်လှစ်တဲ့ မွန်စာပေပြန့်ပွားရေး ညနေသင်တန်းကို ဆက်လက် ဆည်းပူး မိသောအခါ ကျနော်သည် မွန်စာနဲ့အထူး အကျွမ်းတ၀င် ရှိခဲ့ပါတော့သည်။ 

မဆလခေတ်က အစိုးရ ကျောင်းဆရာ ကျနော့် အဖေဆုံး သွားသောအခါ အဖေသည် မြင့်မြတ် လှသော မွန်မိဘနှစ်ပါးမှ ဆင်းသက် လာခဲ့သူပီပီ ကျနော့် အတွက် အဖိုးတန်ဆုံး ထားရစ်ခဲ့သော အမွေကတော့ မွန်စကားနဲ့မွန်စာပါပဲ၊၊ ဤသို့အဖိုးမဖြတ်နိုင်သော အဖေထားခဲ့သော အမွေအား အကြောင်း အမျိုးမျိုးထဲက တခုတည်းသော အကြောင်းကြောင့် ကျနော်အခြေချရာ နေထိုင်ရာ တတိယနိုင်ငံ၌ မွေးဖွားလာခဲ့ ကြတဲ့ ချစ်သမီး လေးတို့အား လက်ဆင့်ကမ်းပေးနိုင်ရန် ကျနော့်ရဲ့တာဝန်ပဲ မဟုတ်ပါလား။  ဒါမှမဟုတ်ရင်တော့ ကျနော်သည် နွေရသီမှာ ရနံ့ကင်းမဲ့လှစွာ အပြိုင်အဆိုင် အလှပြိုင်ကာ လမ်းဘေး၌ ပေါက်နေတဲ့ ပန်သူ မရှိတဲ့" ရောင်စုံပေါက်ပန်းလေးများ" ဖြစ်သွားမှာပါ။ သို့တည်းမဟုတ် အဝေးရောက်"လူ့ပေါက်ပန်း" ဖြစ်သွားမှာပါ။
                                                     
                                                          သာထွန်းမွန်

ရှိသင့်ရှိထိုက်သော မျိုးချစ်စိတ်ဓါတ်များ ကြွယ်ဝနိုင်ပါစေ

                        (၆၆)ကြိမ်မြောက်မွန်အမျိုးသားနေ့ ရန်ကုန်



စက်တင်ဘာ၂၈ ကစပြီး ၃ ရက်တိုင် မွန်ပြည်နယ် မြို့တော်ခန်းမ၌ လာမည့်ဒီဇင်ဘာလတွင် မော်လမြိုင်မြို့ ပေါ်၌ မြန်မာနိုင်ငံ လွတ်လပ်ရေး  ရရှိပြီးနောက် ပထမအကြိမ်  မွန်တိုင်းရင်းသားများ မျက်နှာစုံညီလာခံ တ ရပ်အား အဆင်ပြေချောမွေ့ကျင်းပနိုင်ရန် ရှေ့ပြေးအကြို နှီးနှောဖလှယ်ပွဲ တစ်ခု (သို့တည်းမဟုတ်) ပြည် တွင်းပြည်ပက မွန်အဖွဲ့အစည်း အသီးသီးတို့၏ အနာဂတ် မြန်မာ့နိုင်ငံအရေးနဲ့အတူ မြန်မာပြည် တွင်းက       မွန်ပြည်သူတို့၏ အနာဂတ်အတွက် အမြင်ချင်းဖလှယ်ကြမည်ဟု  ရင်၌အတိုင်းအဆမရှိ ၀မ်းသာ ကြည်နူး စွာ ကြားသိခဲ့ရပါသည်။
အပြင်ဘက်မှာတော့ ရွက်ဝါကြွေရာသီမို့ သစ်ရွက်ဝါလေးတွေသည် မိခင်ပင်စည်၏ အကိုင်းထက်ပေါ်မှ အစုလိုက် အပြုံလိုက် လေအဝှေ့မှာ မြေပြင်ပေါ် အချိန်တန်၍ ခနေကြရပါပြီ။ ဒါဟာ အချိန်တန်၍ မြေ ပြင်ပေါ် ကြွေကျရတဲ့ သက်ရွက်ဝါလေးတွေရဲ့ဘ၀ပါ။ ထိုနည်းတူစွာ ကမ္ဘာပေါ်က သက်ရှိသက် သတ္တ၀ါ အားလုံးသည်လည်း ရွက်ဝါလေးတွေနည်းတူ အချိန်တန်ရင်တော့ဖြင့် မိမိတို့ခင်တွယ်ရာ မိဘအသိုင်း အ၀ိုင်း၊ ပတ်ဝန်းကျင်တွေနဲ့ မလွဲမရှောင်သာ  ခွဲကွာကြရမည်ဖြစ်ပါသည်။
သို့သော်……
စက္ကန့်၊ မိနစ်၊ နာရီ  အချိန်တိုင်းနဲ့အတူ ဘယ်သော်အခါမှမပြောင်းလဲ နိုင်မဲ့ ရှင်သန်နေမြဲ အရာတခု က တော့ ဤကမ္ဘာပေါ်က လူမျိုးလူမျိုးတိုင်းတို့၏ သမိုင်းပါပဲ။ လူမျိုးကြီးတို့၏ မွေးရာပါ ဗီဇ မဟာစိတ် တွေနဲ့အတူ လူသူအင်အား၊ လက်နက်အင်အား၊ ဥာဏ်ပညာအင်အား တွေဖြင့် မိမိတို့ထက် အရာရာမှာ အားနည်းနေသော လူနည်းစုတို့၏ မွေးရာပါ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ယုံကြည်ကိုး ကွယ်ရာ ဘာသာတရားတို့အား သွေးနှောစေခြင်းဖြင့်သော်လည်းကောင်း၊ အကြမ်းဖက်တဲ့ နည်းဖြင့်များ ဖြင့်ထိုလူနည်းစုတို့မျိုးနွယ်ကို ဤကမ္ဘာပေါ်မှ ပျောက်သွားစေသော်လည်း ထိုလူမျိုးစုတို့၏ ပကတိသ မိုင်း ကတော့ စီးဆင်းနေဆဲဧရာဝတီမြစ်ကြီးလိုရှင်သန်နေဆဲပါပဲ
ဥပမာ ပျုလူမျိုးတို့၏ သမိုင်း၊ ဒီလိုသာဓက အပြုသဘောဆောင် အခြေခံအကြောင်းရာအား နှီးနှော ဖလှယ်ပွဲ သို့ပြည်တွင်းပြည်ပက တက်ရောက်မည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ဆွေနွေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်………။လာမည့်ဒီဇင်ဘာလ၌ မော်လမြိုင် မြို့ပေါ်တွင် ကျင်း ပခွင်ရရှိမည့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပထမအကြိမ်  မွန်တိုင်းရင်းသားများ ညီလာခံသည် သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း  ပြည်တွင်းပြည်ပက မွန်အမျိုး သားအားလုံးတို့၏ အနာဂတ်အတွက် နောင်တွင် သမိုင်းတွင်မည့်  အရေးကြီးသည့်ညီ လာခံဖြစ်နေလို့ ပါပဲ။  
ထိုကြောင့်……
ပစ္စုပ္ပန်ကာလတွင် အမျိုးသားလွတ်မြောက်ရေးအတွက် သော်လည်းကောင်း ၊  ကိုယ်ကျိုးစီးပွားရေး အ တွက်သော်လည်းကောင်း ၊ရုန်းကန်နေရသော လူမျိုးတိုင်း၊ လူတိုင်းလူတိုင်းသည် အနာဂတ်အတွက် စဉ်းစားကြရာ၌ အတိတ်ကိုတော့ ပြန်ပြောင်းသတိရမိ မှာ အသေအချာပါပဲ။ အတိတ်သည် အနာဂတ်၏ ရည်မှန်းရာပန်းတိုင်တခုအတွက် မီးပြတိုက်တခုဆိုရင်မမှားပါ။
မွန်လူမျိုးတို့၏  အတိတ်သမိုင်းကြောင်းကို ပြန်လန်ကာ  ဆန်းစစ်ကြည့်ရရင်ဖြင့် မွန်တို့သည် မြင့်မြတ် သော မွန်ခမာအနွယ်မှ ဆင်းသက်လာသော လူမျိုးတမျိုးဖြစ်သည့် အားလျှော်စွာ ရေကြည်ရာ မြက်နုရာ သို့ခေတ်အဆက်ဆက် ရွေ့ပြောင်းကြရာတွင် ကိုယ့်အားကိုယ်ကိုးတတ်ကြပြီး၊ ကိုယ်ပိုင်တီထွင်အကြံ အဆတွေနဲ့ ပြီးပြည့်စုံတဲ့ လူမျိုးဖြစ်သည့်အပြင် ရဲရင့်ပြီး ရိုးသားသောစိတ်ထားနှလုံးသား ပိုင်ဆိုင်သူ များ ဖြစ်ကြပါသည်။ ဒီ့အပြင်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတွေနဲ့ ပြီးပြည့်စုံသည့် လူမျိုးတမျိုးဖြစ်ပြီး၊ တခါတရံမှာ ကိုယ်ချင်းစာ အားနာမှုအတွေနဲ့အတူ မလိုအပ်ပဲအချင်းချင်းမာန တရားတွေ ပြတတ်ကြပါ တယ်။ ဒီအချက်တွေကိုလည်း နှီးနှောဖလှယ်ပွဲသို့   တက်ရောက်ကြမည့်ကိုယ်စားလှယ်များ ထည့်သွင်း စဉ်းစားရပေမည်။
အေဒီ ၅၇၃ ခုနှစ်တွင် မွန်ညီနောင်နှစ်ပါးဖြစ်ကြသော သမလ၊၀ိမလတို့ထူထောင်ခဲ့သော မွန်နေပြည် တော်ဟံသာဝတီ သည် အေဒီ ၁၇၅၇ ခုနှစ်တွင် ဦးအောင်ဇေယျဦးစီးသော ဗမာ့ပဒေသရာဇ် လက် အောက်သို့ ကျရောက်ခဲ့ရသည့် အဓိက အကြောင်းရင်း တရပ်ကား  ပဒေသရာဇ်ခေတ်က ခေတ် အဆက်ဆက် အုပ်ချုပ်သူ မွန်ပဒေသရာဇ်ခေါင်းဆောင်တွေနဲ့ မွန်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုအား နည်းခြင်းကြောင့်ပဲ ဖြစ်တယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါသည်။
နှီးနှောဖလှယ်ပွဲတွင် အဓိကပါဝင်ဆွေးနွေးကြမည့် ဦးဆောင်နိုင်ငံရေး ပါတီများသည် ဤနှီးနှောဖလှယ်ပွဲ မှတဆင့်လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့်မွန်တိုင်းရင်းသားညီလာခံ၌ ယခုလက်ရှိ အများစုသော မွန်ု ပြည်သူတွေ လိုလားတောင့်တနေကြတဲ့ မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ နှစ်ပါတီ အပြီးသတ် ပူးပေါင်းနိုင်ရန်နည်းလမ်းအား ရှာကြံနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
အဘယ်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ပြည်ခိုင်ဖြိုးပါတီိတို့ တနိုင်လုံးအတိုင်း တာဖြင့် ပါဝင်ယှဉ်ပြိုင်မည့် (၂၀၁၅) အထွေထွေရွေးကောက် ပွဲသည် မွန်ဒီမိုကရေစီနှစ်ပါတီ အတွက်အထူးစိန်ခေါ်မှုတရပ်ဖြစ်နေလို့ပါပဲ။ ပြီးခဲ့သော (၂၀၁၀) ရွေး ကောက်ပွဲတွင် တတ်သိပညာရှင်အများစုဖြင့် တည်ထောင်ထားခဲ့သည့် မွန်ဒေသလုံးဆိုင်ရာမွန် ဒီမို က ရေစီပါတီ  လွှတ်တော်အမတ်(၁၆)နေရာ အနိုင်ရရှိခဲ့ခြင်းသည်   အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါဝင်ယှဉ်ပြိုင်မှုမပြုလို့သာ မျက်နှာပန်းလှခဲ့ သည်ဆိုတာ ယုံမှားစရာမရှိပါ။
ဤနှီးနှောဖလှယ်ပွဲမှ မွန်ဒီမိုကရေစီနှစ်ပါတီ ပူးပေါင်းနိုင်ရေးအတွက် အကယ်၍သာနှစ်ဖက်စလုံးမှ ဦး ဆောင်သူများသည် စေတနာပြည့်ဝစွာဖြင့် မွန်တမျိုးသားလုံး၏ အနာဂတ်ကို ရှေ့ရှုကြမည်ဆိုရင် မပြေ လည်စရာအကြောင်းမရှိပါ။ တတိယနိုင်ငံရောက် တတ်သိပညာရှင်များတို့သည်လည်း မိမိတို့ နှင့်သက် ဆိုင်ရာတတိယနိုင်ငံအသီးသီးတို့ရဲ့ ဒီမိုကရေစီနည်းကျကျ ပြသနာဖြေရှင်းနည်း၊ နှစ်ဦးနှစ်ဖက် အမြင် ကွဲပြား မှုကို စေ့စပ်ညှိနှိုင်းပြေလည်စေတဲ့နည်း တွေကိုလည်း ဤနှီးနှောဖလှယ်ပွဲ၌ ဆွေးနွေးတင်ပြ သင့် ပါသည်။
ထို့အပြင်ယနေ့လက်ရှိမြန်မာနိုင်ငံအနေဖြင့်အသင့်တော်ဆုံးဖက်ဒရယ်ပြည်ထောင်စုမူအကြောင်းကို လည်း တတ်သိပညာရှင်များတွေအနေဖြင့် အကျယ်တ၀င့်ဆွေးနွေးသင့်ပါသည်။ ကိုယ်ပိုင်စာပေ၊ ကိုယ် ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတို့ဖြင့် ပြီးပြည့်  စုံနေတဲ့ တိုင်းရင်းသားပေါင်းစုံနေထိုင်နေတဲ့ မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် သာလျှင် အ သင့်တော်ဆုံးဟု ထင်မိပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး မရမီ (1946) ခုနှစ်တွင် မွန်တိုင်းရင်းသားအစည်းအရုံးက ဦးစီးပြီး ပထမအ
ကြိမ်ညီလာခံ တရပ်ကျင်းပခဲ့ဖူးရာ ယင်းညီလာခံမှ (က)သာသနာသက္ကရာဇ်( ၁၁၁၆) ခုနှစ် တပို့တွဲလ ပြည့်ကျော် ( )ရက်နေ့ တွင်ဟံသာဝတီနေပြည်တော်အား စတင်ထူထောင်သော နေ့အား မွန်အ မျိုး သားနေ့ အဖြစ် သတ်မှတ်ပေးရန်။ () ဖဆပလခေတ် လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသား တို့ အတွက်သီးခြားမဲစာရင်းမဲ ဆန္ဒနယ်မြေ  သတ်မှတ်ပေးရန်။ တောင်းဆိုမှုအား ဖဆပလ မလိုက် လျော လျှင် ရွေးကောက်ပွဲ အားသပိတ်မှောက်ရန်တို့ ဖြစ်သည်။ ညီလာခံမှဆုံးဖြတ်ချကအတိုင်းမွန်အမျိုးသား တို့တောင်းဆိုမှုကြောင့် မွန်အမျိုးသားနေ့အား ကျင်းပ လာခဲ့သည်မှာ (၆၆)ကြိမ်ရှိလာခဲ့ပြီဖြစ်ပါသည်။
ထိုကြောင့်(၂၀၀၈) အခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲကာ လ၌ပြည်တွင်း ပြည်ပကမွန်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းပေါင်းစုံတက်ရောက်တဲ့ ဤနှီးနှောဖလှယ်ပွဲသည် ခက်ခဲသော ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်နိုင်ရမည်မှာမလွဲပေ။ သို့သော် စည်းလုံးညီညွတ်မှု အင်အား၊ ဥာဏ်ပညာ အင်အား၊ အတွေ့အကြုံတို့ဖြင့်ပေါင်းစပ်ပြီး အခက်အခဲကို ကျော်ဖြတ်နိုင်မည်ဟုယုံကြည် နေမိပါသည်။  
                     
                                            သာထွန်းမွန်
                                                             

Sunday, September 15, 2013

ဟင်္သာတို့ရဲ့ တနင်္လာ

မွန်အရှင် ကောသလ္လ(ဘီအေ-ဓမ္မာစရိယ)၏ "ဆင်ယင်ထုံးဖွဲ့မှု၌မိမိရိုးရာအတိုင်း
ဝတ်စားဆင်ယင်ထုံးဖွဲ့ခြင်းသာလျှင်ဘယ်မမုန်းနိုင်စံပယ်ကုံးခိုင်
ဖြစ်တော့သည်။”ဟူသောအဆိုသည်မွန်လူမျိုးတို့အတွက် ဘယ်သော
အခါမှမရိုးနိုင်သော၊ ရင်၌အမြဲသိမ်းဆည်းထားရမည့် သြ၀ါဒပင်ဖြစ်ပေသည်။ ထိုကြောင့် မွန်ဖြစ်သော်လည်း မွန်စကား၊မွန်စာမတတ်ပေမဲ့ မိမိလူမျိုး၏
ရိုးရာဝတ်စုံကို ရောက်ရာနေရာဒေသ၊ ပတ်ဝန်းကျင်၌ တနင်္လာနေ့ရောက်
တိုင်း အိမ်၌သော်လည်းကောင်း၊ ကျင်းပရာပွဲလမ်းသဘင်၌သော်လည်း
ကောင်း မြတ်မြတ်နိုးနိုး ၀တ်ဆင်ခြင်းအားဖြင့် မိမိသည်မြင့်မြတ်သော
မွန်အမျိုးအနွယ်မှဆင်းသက်သူဖြစ်ကြောင်း လူမျိုးခြားတွေ သိပါလိမ့်မည်။ ထို့အပြင်မွန်လူမျိုးတို့သည် မွန်ညီအကို “သမလနဲ့ဝိမလ”တို့၏ကျေးဇူး
ကြောင့်“ဟံသာဝတီ” ဟူသောကိုယ့်ထီးကိုယ့်နန်းဖြင့်နေလာခဲ့သော
လူမျိုးတစ်မျိုးဖြင့်သည့်အပြင်၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်ရာဘာသာတရားတို့နဲ့ ပြီးပြည့်စုံတဲ့ လူမျိုးတစ်မျိုးဖြစ်
ကြောင်းကိုဂုဏ်ယူဝင့်ကြွားနိုင်မည်ဖြစ်ပေသည်။ မွန်လူမျိုးတို့၏တန်ဖိုး
ထားစရာ “တနင်္လာနေ့”နဲ့ပတ်သက်၍ ကျနော်ကဗျာတပုဒ်ရေးခဲ့ဖူးပါတယ်။


"ဟင်္သာတို့ရဲ့ တနင်္လာ"



ကောင်းကင်ညိုညို
တိမ်တိုက်လူးလွင့်
မိုးစက်ပွင့်တို့ကြွေ။

သည်းလွန်းသောမိုး မစဲပေမယ့်လည်း
အနာဂတ်ကြယ်တို့ လင်းလက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို အများသူငါ "ငါတို့မွန်သည်”
အနီရောင်ပုဆိုး အင်္ကျီဖြူကို
ဂုဏ်ယူစွာဖြင့် ၀တ်ဆင်ကြသမို့
ငါတို့လူမျိုး မြင့်မြတ်ဂုဏ်ကို
လူမျိုးခြားအလယ်၌
ပြခဲ့ကြတယ်။

မိုးအကုန်ဆောင်းအကူး
မြူမှုန်အုပ်ဆိုင်း
နှင်းစက်ပွင့်တို့ဝေ။

အေးလွန်းသောဆောင်း ခိုက်ခိုက်တုန်လည်း
အနာဂတ်ကြယ်တို့ မှေးစက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ "ငါတို့မွန်သည်”
ဖြူကွက်ကြားအနီရောင်ပုဆိုး အင်္ကျီဖြူကို
ကျေကျေနပ်နပ် ဆင်မြန်းကြသမို့
ငါတို့လူမျိုး ဖြူစင်နှလုံးသား ရဲရင့်သွေးကို
သွေးချင်းညီနောင်တိုင်းရင်းသားအလယ်၌
ပြခဲ့ကြတယ်။

ဆောင်းနှင်းပြယ်သော်
နွေဦးကံ့ကော် သင်းရနံ့ဝေဆာ
တကိုယ်တည်းဥသြ
လွမ်းတေးလေးဆို။

ပူလွန်းတဲ့နွေ ချွေးစိုစေလည်း
အနာဂတ်ကြယ်တို့ ပျော်ပါးခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို ကျောင်းသွားဖော်သူငယ်ချင်း “ငါတို့မွန်သည်”
ပုဆိုးနီနီ အင်္ကျီဖြူကို အပြိုင်သူငါဝတ်ဆင်ကြသမို့
ငါတို့လူမျိုးယဉ်ကျေးမှုကို အဓိပတိလမ်းမပေါ်မှာ
ကြွားခဲ့ဖူးတယ်။ ။
                                                                                               သာထွန်းမွန်( ၁၅.၉.၂၀၁၃)