Monday, April 9, 2012

လှရုံသာ


အစတုန်းကတော့…
တာဝတိံသာနတ်ပြည်က
နတ်သမီးလေးတွေ
အလှဆုံးလို့ ငါထင်ထားခဲ့မိတယ်....၊

ဒီလိုနဲ့
ချစ်သမီးလေးရဲ့…အပါး..ခေါ်သံနဲ့အတူ
သူ့ရဲ့အပြုံးကိုတွေ့လိုက်ရမှ
သူတို့လေးတွေတဆင့်ကျလို့
လှရုံသာ….။

အစတုန်းကတော့…
ကြည်လင်ပြာပြာ ကန်ရေပြင်နဲ့
မြက်ခင်းစိမ်းစိမ်းပေါ်က
ရောင်စုံနှင်းဆီလေးတွေ
အလှဆုံးလို့ ငါထင်ထားခဲ့မိတယ်...၊

ဒီလိုနဲ့
ချစ်သမီးလေးရဲ့…အပြုံးနဲ့အတူထပ်တူပါလာတဲ့
နှစ်ဖက်ပါးပြင်ထက်ပေါ်က
ခရေပွင့်ပါးချိုင့်လေးကိုတွေ့လိုက်ရမှ
သူတို့လေးတွေတဆင့်ကျလို့
လှရုံသာ….။

(ရှင်းလင်းချက် အပါး=အဖေ)
သာထွန်းမွန်

ကျေးဇူးပါအမေ


လွတ်မြောက်ရာလမ်းတော်လှန်ရေးခရီးကြမ်းမှာ
ဘ၀ပျက်ဖွယ်ရာ
မုန်တိုင်းတွေကြား
ယုံကြည်စွာရင်ဆိုင်တိုးရင်း
ဤကမ္ဘာမြေအား….
သာယာစေမဲ့
အမေ့ရဲ့မြေးလေး
ကျနော့်ချစ်သမီး
မွေးဖွားခဲ့ပြီးပြီ......မေမေ။ ။

ပါးပြင်မှာ…….
ရေကျဲသနပ်ခါး မလိမ်းပေမဲ့လည်း
ဖြူမို့ဝိုင်းစက် မျက်နှာပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။

ချစ်သမီးပါပြင် နမ်းရှိုက်မိခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။

မျက်ဝန်းအစုံမှာ အရောင်မဆိုးသော်လည်း
အကြည့်လှလှ မျက်လုံးပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။

ချစ်သမီးလေးနဲ့ အကြည့်ချင်းဆုံခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။

နှုတ်ခမ်းအစုံမှာ နှုတ်ခမ်းနီမဆိုးလည်း
ပွင့်စနှင်းဆီလို နှုတ်ခမ်းများပိုင်ရှင်
အမေ့မြေးလေး ကျနော့်သမီး..။
ချစ်သမီးလေးရဲ့ မပီကလာရယ်(ရီ)သံကြားခိုက်
ဘ၀ပျက်ဖွယ်ရာ ရင်ထဲကမုန်တိုင်း
ငြိမ်သက်သွားတယ်။ ။
သာထွန်းမွန်

သို့


 

 
သြော်နွေ…
ဆောင်းနှင်းပြယ်သောအခါ
နွေးထွေးမှုမနက်ခင်းအလင်းရောင်တွေနဲ့
သူကရောက်လာစမြဲ၊
အမေရယ်…
ဥသြသံကင်းမဲ့နေတဲ့
အဝေးရောက်သားတယောက်ရဲ့
နွေက ဘယ်ပြည့်စုံပါ့မလဲနော်၊
ကြည်လင်ပြာလဲ့လဲ့ ကန်ရေပြင်အပေါ်
ဖြတ်လျှောက်လာတဲ့ နွေလေညှင်းတို့ရဲ့
နွေအရိုင်းပန်းမွေးရနံ့တွေကြောင့်
တချိန်က…
သားတို့ရဲ့ နာဂ၀ံသချောင်းနံဘေးက
ကံ့ကော်ရနံ့ကို သတိရမိတယ်၊
အမေရယ်…
အပြာရောင်ခုံတန်းတွေနဲ့ဝေးကွာနေရတဲ့
အဝေးရောက်သားတယောက်ရဲ့
နွေကလည်းဘယ်ပြည့်စုံပါ့မလဲနော်၊
ကြည်လင်ပြာလဲ့လဲ့ ကန်ရေပြင်နံဘေးနဲ့
နွေရာသီအားလပ်ရက် လမ်းသွယ်ထက်က
ချစ်သူစုံတွဲတွေကို မြင်မိတဲ့အခါ
သားတို့ရဲ့ နာဂ၀ံသချောင်းနံဘေးက
စွယ်တော်ရိပ်ကို သတိရမိတယ်၊
အထူးသဖြင့်…
စနစ်ဆိုးကို တိုက်ဖျက်ဖို့အတွက်
နှလုံးသားတွေအပြိုင် ဖြူစင်ခဲ့ဖူးတဲ့
သားတို့ရဲ့ နာဂ၀ံသချောင်းပေါ်က
တံတားဖြူလေးကို သတိရမိတယ်။ ။

သာထွန်းမွန်

Monday, March 19, 2012

စနစ်ဆိုးရဲ့မြေခွေးများ


စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ဘာသာစကား
ငါ လွတ်လွတ်လပ်လပ်...ပြောခွင့် မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့စာပေ
ငါ လွတ်လွတ်လပ်လပ်...သင်ကြားခွင့် မရခဲ့။

စနစ်ဆိုးကြောင့်
ငါ့မိခင်ရဲ့ယဉ်ကျေးမှု
ငါ လွတ်လွတ်လပ်လပ်...ဖော်ထုတ်ခွင့် မရခဲ့။

စနစ်ဆိုးကြောင့်
အမေ့အိမ်ကို ငါ…စွန့်ခဲ့ရတယ်။

ဒီလိုနဲ့……….
စနစ်ဆိုးရဲ့ဖန်တီးမှုကြောင့်
စနစ်ဆိုးရဲ့သားကောင်တို့
ဆုံဆည်းရာ တစ်နေရာမှာတော့
ငါ့မိခင်ရဲ့…ဘာသာစကား
ငါ့မိခင်ရဲ့..စာပေ
ငါ့မိခင်ရဲ့…ယဉ်ကျေးမှု
နောက်ဆုံးမှာတော့
ငါ့ရဲ့ရိုးသားမှုကိုပါ
စနစ်ဆိုးရဲ့..မြေခွေးတသိုက်က
ဖျက်ဆီးနေကြပါလား။
                                    သာထွန်းမွန်

Sunday, March 18, 2012

ဥပါယ်


သတင်းစာသည်ကမ္ဘာ့၏ပြတင်းပေါက်”ဟူ၍ လက်ခံအသိမှတ်ပြုခဲ့မိသည့်အချိန်ကစ၍ ကျနော်ဟာလက်လှမ်းမှီခဲ့သမျှ စာအုပ်တွေ၊ သတင်းစာတွေကို အချိန်ရတိုင်းဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်သည် ကျနော့်ဘ၀၏ အကောင်းဆုံးမိတ်ဆွေ ဆိုရင်လည်း မမှားပါ။ တခါတရံပျင်းရိစရာတွေ၊ စိတ်ပျက်စရာတွေနဲ့ ကြုံလာခဲ့သည်ဖြစ်ဖြစ်၊ ၀မ်းနည်းစရာတွေနဲ့ကြုံ လာရသည်ဖြစ်ဖြစ်၊ ကျနော်ဟာသိမ်းထားခဲ့သမျှ စာအုပ်အဟောင်းတွေထဲက နှစ်သက်ရာစာအုပ်တွေကို ပြန်ဖတ်ဖြစ်မိ ပါတယ်။ အွန်လိုင်းသတင်းစာတွေကိုတော့ နေ့တိုင်းဖတ်ဖြစ်ပါတယ်။
စ၍ဖတ်မိသည့်အချိန်ကစပြီး ယနေ့တိုင် ကျနော့်ရင်မှာ စွဲစွဲမြဲမြဲ၊ အကြိမ်ကြိမ်အခါခါ၊ ပြန်ဖတ်ဖြစ်နေတဲ့ စာအုပ်ကောင်းတစ်အုပ် ကတော့ မွန်အမျိုးသားသမိုင်းပညာရှင် ဒေါက်တာနိုင်ပန်းလှ၏ “ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း” ပဲဖြစ်ပါတယ်။ ဒီစာ အုပ်ဟာ မွန်ဗမာဆက်ဆံရေးသမိုင်း အဖြစ်အပျက်အမှန်ကို လေ့လာချင်သူတို့အတွက် အလွန်တန်ဖိုးရှိလှတဲ့စာအုပ် တစ်အုပ်ပါပဲ။
ရေမြေကိုအစိုးရတဲ့ သက်ဦးဆံပိုင်ဘုရင်ဖြစ်လင့်ကစား တိုင်းပြည်အရေးကို ရှေ့ရှုကာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် မဲ့..သူရဲကောင်းအတွက်မိမိ၏..မိဖုရားကိုပင် ရက်ရောစွာ စွန့်ကြဲခဲပြီး ..လက်အောက်အမှုထမ်း သူရဲကောင်းကို..အလေး ထား..ချီးမြှောက်တဲ့ မွန်ဘုရင်ရာဇာဓိရာဇ်ရဲ့ ..စိတ်နေသဘောထားတွေကို.. လေ့လာဖတ်ရှုခဲ့ရသလို၊..ရိက္ခာပြတ်လပ်၍ အင်းဝနေပြည်တော်ဆီ..တပ်ပြန်ဆုတ်ရာတွင် မွန်တပ်တွေအပြင်း လိုက်လံတိုက်ခိုက်မှုကြောင့် တကွဲတပြား တောလမ်း တနေရာမှာ ကျန်နေရစ်တဲ့ မိမိ၏တောင်နန်းစံမိဖုရားကို သစ္စာရှိစွာ မိမိရှေ့မှောက်အရောက် ဘေးမသီရန်မခစေပဲ ကာ ကွယ်စောင့်ရှောက်ခဲ့ပေမဲ့လည်း သံသယချစ်စိတ်တွေနဲ့ မိမိ၏အမှုထမ်းကောင်း ဆင်ကဲကိုကွပ်မျက်ခဲ့တဲ့ဘုရင်မင်းခေါင် ရဲ့ သက်ဦးဆံပိုင်ဘုရင်တို့၏ စိတ်နေသဘောထားကိုလည်း စိတ်ဝင်စားဖွယ် လေ့လာဖတ်ရှုရပါတယ်။
ဤ“ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ” စာအုပ်ကိုဖတ်ခဲ့ဖူးတဲ့သူတွေအားလုံးအတွက် သဘောအကျရဆုံး နဲ့အတုယူ အားအကျရဆုံး သူရဲကောင်းတွေကတော့ မွန်သူရဲကောင်းလဂွန်းအိန်၊ သမိန်ဗရမ်းနဲ့ ဘုရင်မင်းခေါင်၏သားတော်မင်းရဲ ကျော်စွာတို့ပဲ ဖြစ်ပါလိမ့်မည်။ မွန်ဘုရင်ရာဇာဓိရာဇ်၏ သူရဲကောင်းလဂွန်းအိန်နဲ့ ဘုရင်မင်းခေါင်၏သားတော်မင်းရဲကျော် စွာတို့ရဲ့ ရင်ဆိုင်တိုက်ခိုက်ကြပုံကလည်း စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို သင်ခန်းစာယူဖွယ်လည်း ကောင်းလှပါ တယ်။
မင်းရဲကျော်စွာရဲ့ စစ်ရေးစစ်ရာကောက်ကျစ်စဉ်းလဲမှု၊ စစ်ရေးစစ်ရာဥပါယ်အောက်မှာ သူရဲကောင်းလဂွန်းအိန်ကျဆုံးခဲ့ ရပါတယ်။ တလည်းစီးတွင်စခန်းချနေသော မင်းရဲကျော်စွာသည် သမိန်ဗြာဇ္ဖလွန်သည်ကိုကြားရလျှင် ၀မ်းသာအားရစွာ ဖြင့် “ရာဇာဓိရာဇ်၏ ပတ္တမြားအစွယ်တချောင်းကျိုးလေပြီ၊ လဂွန်းအိန်သာကျန်တော့သည်၊ လဂွန်းအိန်ကို ငါဥပါယ်ပြု၍ အရယူမည်။ ရာဇာဓိရာဇ်ချီလာလျှင် လှေစီးချင်းသော်လည်းကောင်း၊ ဆင်စီးချင်းသော်လည်းကောင်း၊ မြင်းစီးချင်းသော် လည်းကောင်း၊ ဥပါယ်ဖြင့် တစ်ဦးချင်းစစ်ထိုးမည်ကို ငါစီစဉ်မည်။ လဂွန်းအိန်ထွက်တိုက်ပါက သူ့ကိုရအောင်ယူမည်”ဟု ကြံစည်တော်မူသည်။
တလည်းစီးတွင်တပ်ချ၍ အလွဲမြစ်ကမ်းနှစ်ဖက်လုံးတွင် တပ်ကိုဖြန့်ထားသည်။ သူ့ရဲ့ဥပါယ်အတိုင်း ကမ်းနှစ်ဖက်တွင် လှေဝှက်နိုင်ရန်ကျုံးမြောင်းငယ်များကို ဖောက်လုပ်စေသည်။ တိုက်လှေများကို သိုဝှက်ယုံသာပြုလုပ်စေသည်။ ယင်းသို့စီ စဉ်ပြီးနောက် ရာဇာဓိရာဇ်စစ်ချီလာမည်ကို စောင့်မျှော်လျှက်နေသည်။ ရိက္ခာပြတ်လပ်မှုကြောင့် ပြည်မြို့ကိုဝိုင်းရံနေတဲ့ သားတော်ဗညားပုသိမ်အားကူညီရန် ရာဇာဓိရာဇ်သည် လဂွန်းအိန်၊ သမိန်အ၀မင်းကြီး၊ သမိန်သံပြပ်တို့ကို ဗိုလ်မင်းခန့် ၍ ဟံသာဝတီမှသန်လျင် ဒလဒဂုန်တို့ကို ဖြတ်၍ရေလမ်းမှ ပြည်သို့ဆန်၏။ ဤသို့တလည်းဆီးတွင် ရာဇာဓိရာဇ်၏ တပ်စခန်းချနေသည်ဟု မင်းရဲကျော်စွာကြားလျှင်ကြားချင်းသူ၏ စစ်ဥပါယ်ကိုစတင် အကောင်ထည်ဖော်ပါတော့သည်။
“ယခု ဟံသာဝတီပြည့်ရှင်ဘကြီးတော် ဆိုက်ရောက်လာသည်မှာ စစ်သည်သူရဲသူခက်များလည်း ပင်ပန်းသဖြင့် အနား ယူကြပါစေဦး။ အနားယူပြီးပါက ကြည်းတပ်၊ ရေတပ် နှစ်ဖက်စလုံးဖြင့် ကျွန်ုပ်တို့နှစ်ဦးနှစ်ဖက် တိုက်ခိုက်ကြမည်။ကျွန်ုပ် တို့သည် စစ်သေနင်္ဂဗျုဟာ မခင်းကျင်းမီ အချည်းနှီးနေကြမည့်အစား ဟံသာဝတီဘက်မှ လှေစီးသူရဲတစ်ယောက်နှင့် အင်းဝဘက်မှ လှေစီးသူရဲတစ်ယောက်တို့ကို လှေတစ်ဆင်းစီဖြင့်တိုက်ခိုက်စေလိုသည်။ နှစ်ဖက်သောဧကရာဇ် မင်းများ ရှုစားရန်ဖြစ်ပါသည်။”ဟု မင်းရဲကျော်စွာသည် မိမိ၏အမှာစကားကို မင်းနတ်တော်မှတဆင့် ရာဇာဓိရာဇ်အားပါးလိုက်ပါ သည်။ မင်းရဲကျော်စွာ၏အမှာစကားကို ရာဇာဓိရာဇ်ကြားလျှင် ဦးခိုက်နေသော မှူးမတ်သေနာပတိများ၏ မျက်နှာတို့ကို ကြည့်တော်မူ၏။ မည်သူမျှဦးမမော်ဘဲ ရှိခိုးမြဲရှိခိုးနေကြ၏။ ထိုစဉ်လဂွန်းအိန်သည် ဦးသုံးကြိမ်ခိုက်ပြီးမှ……
“ ကျွန်ုပ်ယောက်ျားဖြစ်သည်မှ ဆင်းစီးချင်း၊ မြင်းစီးခြင်း၊ လှေစီးချင်း၊ တစ်ဦးချင်းစစ်ထိုးရန် သည်ဇမ္ဖူဒိပ်မြေပြင်ဝယ် မည်သူ့ကိုမျှ ကျွန်ုပ်မကြောက်၊ သူရဲကောင်းတစ်ဦးချင်းဖြစ်လျှင် ကျွန်ုပ်ထွက်၍တိုက်မည်ဖြစ်ကြောင်း ……….ရွှေနန်း သခင်၏သားတော်မင်းရဲကျော်စွာအား ပြန်ကြားတော်မူပါ” ဟုလျှောက်၏။ ………………ရာဇာဓိရာဇ်သည်လည်းအားရ တော်မူသည် ”
မွန်သူရဲကောင်းလဂွန်းအိန်နှင့် “ မနက်ဖြန်မိုးသောက်လျှင်လှေတစ်စီးချင်း နှစ်ဖက်သောသူရဲကောင်းများ တိုက်ပါစေ မည်ဟု” ရာဇာဓိရာဇ်၏ အမှာစကားကိုတမန်တော် မင်းနတ်တော်မှတဆင့် မင်းရဲကျော်စွာကြားလျှင်အားရ၀မ်းသာစွာဖြင့် “ဟံသာဝတီတွင် သမိန်ဗြာဇ္ဖနှင့် လဂွန်းအိန်တို့သည် သူ့ရှင်၏လက်ဝဲလက်ယာရံ သူရဲကောင်းနှစ်ဦးဖြစ်သည်။သမိန်ဗြာဇ္ဖ သေပြီ၊ လဂွန်းအိန်သာကြွင်းသည်။ လဂွန်းအိန်ကိုငါတို့ရပြီးလျှင် ငါ့လက်ချက်ကို မွန်တွေခံနိုင်မည်လော။ စစ်တို့မည် သည်နည်းသည်များမဟူ။ စီရင်မှု၌သာ ပဓာနဖြစ်သည်။ သူရဲကောင်း လဂွန်းအိန်သည် လှေတစီးချင်းသာသူနိုင်ပေမည်။ လှေလေးစီးကို သူနိုင်မည်လော” ………………..ဟူ၍မိမိ၏ စစ်ဥပါယ်ကို စီမံပါတော့၏။
မင်းရဲကျော်စွာသည် အံ့စရာလှေကို စုက္ကတေး၊ မြေးများဖွားလှေကို စည်သူ၊ သားများမိလှေကို ဥဇနာ၊ ရှမ်းမွန်လှေကို စတုရင်္ဂသူအား အသီးသီးစီးစေပြီး လှေလေးစီးစလုံးတွင် ဓားလှံချက်နာသူရဲချည်းစီးစေ၍ ဒိုင်း၊ လွှား၊ ဓား၊ လှံများကို ကိုင်ဆောင်စေသည်။ အံ့စရာလှေကိုထီးဖြူကနက္ကဒဏ်နှင့် ဗိတာန်မိုးစေလျှက် ထွက်စေသည်။ ကျန်လှေသုံးစီးကို အနောက်ဘက်ကမ်းတွင်ပြုလုပ်ထားသောမြောင်းအတွင်း၌ ပုန်းကွယ်လျှက်နေစေသည်။
ရာဇာဓိရာဇ်သည်လည်း သူရဲကောင်းလဂွန်းအိန်လှေချင်းစီးထိုးရန် မိကျောင်းရုပ်လှေနှင့်အတူ တိုက်ဖော်ရဲဘော်ရဲဘက် သူရဲကောင်း ၃၀၀ ကိုပေးစေသည်။ လဂွန်းအိန်သည် သေနာပတိအဆောင်ယောင်ဖြင့် ၀တ်ဆင်သည်။ ရွှေခါးစည်း၊ ရွှေစလွယ်၊ ရွှေလက်ကျပ်၊ ရာမနားတောင်း၊ လက်နှစ်ဖက်စလုံးတွင် ကျောက်စီသောလက်စွပ်၊ လက်ကောက်များကို ၀တ်ဆင်သည်။ အဆင်သင့်ဖြစ်သော် သူ့ရှင်ရာဇာဓိရာဇ်အားဦးခိုက်ပြီး လှေသို့ဆင်းကာ လှေစီးချင်းတိုက်ရန်ထွက်လေ ၏။ အင်းဝဘက်မှ စုက္ကတေးသည် အံ့စရာလှေဖြင့်ထွက်ခဲ့သည်။ ဟံသာဝတီဘက်မှ ဗညားလဂွန်းအိန်သည် မိကျောင်း ရုပ်လှေဖြင့် ထွက်ခဲ့သည်။ လှေနှစ်စင်းရင်ဆိုင်မိလျှင် ထိုးနှက်တိုက်ခိုက်ကြတော့သည်။
အံ့စရာလှေသည် မိကျောင်းလှေထက်နှစ်စမျှ မြင့်မားသဖြင့် လဂွန်းအိန်ဘက်မှထိုးခုတ်ရန်ခက်ခဲခဲ့သည်။ သို့ဖြစ်၍လဂွန်း အိန်သည် ကွင်းဆက်သံကြိုးကိုအံ့စရာလှေထက်သို့ ပစ်တင်၏။ လှေချင်းဆက်တွဲပြီးမှ ကူး၍ရန်သူအား တက်ခုတ်မည် ကြိုးစားစဉ် မင်းစည်သူဦးစီးတဲ့မြေးများဖွားလှေသည် ရုတ်တရက်ထွက်၍ကူတိုက်သည်။ ကုန်းထက်မှာလည်း အင်းဝ မြင်းတပ်နှစ်ထောင်မျှ လဂွန်းအိန်ကို လိုက်ကြသည်။ လဂွန်းအိန်သည် လှေတစ်စီးထဲဖြင့် စုက္ကတေနဲ့မင်းစည်သူတို့၏ လှေပေါ်ကအင်းဝသူရဲတွေကို ရွပ်ရွပ်ချွံချွံဦးစီးတိုက်ခိုက်မှုကြောင့် အင်းဝသူရဲတို့များစွာသေ ကြေပျက်စီးနေသည်ကိုမြင် နေရတဲ့ ဥဇနာနဲ့စတုရင်္ဂသူတို့ဦးစီးသော အခြားလှေနှစ်စီးသည် ပုန်းကွယ်နေရာမှ ရုတ်ချည်းထွက်လာကြသည်။
စုက္ကတေး၊ မင်းစည်သူ၊ ဥဇနာနဲ့စတုရင်္ဂတို့ဦးစီးတဲ့ပူးပေါင်းလှေလေးစီးသည် လဂွန်းအိန်ဦးစီးသော မိကျောင်းလှေတစ် စီးထဲကို အုံ၍ထိုးထိုးခုတ်ကြသည်။ သို့တိုင်အင်းဝသူရဲအမြောက်အမြားသေ၏။ လဂွန်းအိန်၏သူရဲ၃၀၀အနက် တစ်ရာ မျှရေထဲကျသည်။ လဂွန်းအိန်သည်စိတ်ဓါတ်မကျ ကျန်သမျှအင်အားဖြင့် အင်းဝသူရဲတို့အား အသေခံတိုက်ခိုက်သည်။ ခြေကုန်လက်ပန်းကျသော်လည်း လက်နက်မချ။ စစ်ကူရောက်မလာသောကြောင့် အင်းဝလှေလေးစီးမှများပြားလှသော သူရဲတို့၏၀ိုင်းဝန်းထိုးခုတ်မှု အောက်မှာ ပေါင်တွင်လှံချက်ထိ၍လဲကာအဖမ်းခံရတော့သည်။
ယင်းညသန်းခေါင်ယံအချိန်တွင် ဗညားလဂွန်းအိန်သည် ပေါင်ကလှံချက်ဒဏ်ရာဖြင့်မင်းရဲကျော်စွာ၏စစ်သုံ့ပန်းဘ၀ဖြင့် အနိစ္စရောက်လေသည်။ လဂွန်းအိန်သည် အနိစ္စမရောက်မီမိမိအား ဥပါယ်ဖြင့်အနိုင်ယူခဲ့သောမင်းရဲကျော်စွာအား နှလုံး ရည်ဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။အနာသည်း၍ကွယ်လွန်လုနေချိန်တွင်မင်းရဲကျော်စွာမှ “ထမင်းစားမည်လောဟု ” မေး သည် ကို “အရှင်တယောက်၏ထမင်းကိုသာကျွန်ုပ် ၀မ်းသို့ဝင်စေမည်။ အရှင်နှစ်ယောက်တို့၏ထမင်းကို ကျွန်ုပ်ဝမ်းသို့ မသွင်းပါ ” ဟု လဂွန်းအိန်ဆိုလေသည်။ “ထမင်းမစားလျှင်ရေသောက်မည်လော ”ဟု မေးသောအခါ “ရေနဲ့ကွမ်းကိုသာ ပေးပါ ”ဟု လဂွန်းအိန်ဆိုသည်။ လဂွန်းအိန်သည်မင်းရဲကျော်စွာပေးသောရေနဲ့ကွမ်းကိုစားသောက်ပြီးလျှင် မင်းရဲကျော် စွာအား “ရွှေနန်းရှင်၏သားတော်ပေးသော ရေကိုသောက်ရပြီး ကွမ်းကိုလည်းစားရသည်။ ကျေးဇူးတော်ကိုတစ်ပွဲတစ် လမ်းမျှ ကျွန်ုပ်မဆပ်ခဲ့နိုင်တော့ပါ။ သို့သော်နောင်ရေးအတွက် အရှင့်သားတော်အကျိုးရှိစေဖို့ အရေးကိုမူကားကျွန်ုပ်နား
တော်လျှောက်ခဲ့ပါမည်။ မှတ်ယူတော်မူပါ။ ရွှေနန်းရှင်သားတော်မနာယူခဲ့သော် အမတ်သေနာပတိတို့ မှတ်သားနာယူကြ ပါကုန်။ နောင်ကိုသူ့ရှင်ရာဇာဓိရာဇ်နှင့် စစ်ထိုးလျှင် လှေစီးချင်း၊ မြင်းစီးချင်း၊ ခြေလျင်ချင်း မတွေ့ပါစေနှင့်။ သူ့ရှင်ရာဇာ ဓိရာဇ်သည် ဆင်စီးချင်း၊ မြင်းစီးချင်းတို့တွင် နည်းနည်းကောင်းသည်မဟုတ်၊ လက်ဝဲလက်ယာရံ ဆင်စီးသူရဲသုံးဆယ် သားတို့သည် သူစိမ်းတစ်ရံစာမဟုတ်။ ဆွေသားမျိုးသားချည်း။ ရန်သူကိုပမာမခန့်၊ ကြောက်ရွံ့မှုမရှိ၊ ဘီလူးသရဲတွေနဲ့ တူကြသည်။ လူနဲ့မတူကြ။ ကျွန်ုပ်လျှောက်သည်ကို မယုံသော်နောင်တွေ့ကြသောအခါမှ သိတော်မူမည်ဟု” သူ့ရှင် ရာဇာဓိရာဇ်၏ တန်ခိုးစွမ်းရည်ကို အင်းဝသားတို့ကြောက်ရွံ့အောင် နှလုံးရည်ဖြင့်သူရဲကောင်း လဂွန်းအိန်နားတော် လျှောက်လေသည်။
မင်းရဲကျော်စွာသည်လည်း လဂွန်းအိန်သည် သေလုနီးပါးလျက်ပင် သူ့သခင်အားငါတို့ကြောက်ရွံ့ အောင်အရေးစကား ကိုဆိုသေးသည် ဟုမိန့်တော်မူသည်။ ထို့ကြောင်မင်းရဲကျော်စွာ၏ ဥပါယ်ဖြင့် စီစဉ်ခဲ့သော လဂွန်းအိန်ဦးစီးသော ဟံသာဝတီသား တို့နဲ့စုက္ကတေး၊ မင်းစည်သူ၊ ဥဇနာ နဲ့စတုရင်္ဂတို့ဦးစီးသော အင်းဝသားတို့၏ ဤလှေစီးချင်းတိုက်ပွဲ၌ ဗညားလဂွန်းအိန်သည် လက်ရုံးရည်နှင့်နှလုံးရည်ပါ နိုင်ခဲ့ပါသည်။
                                                                     


                                                သာထွန်းမွန်

 

 

Sunday, February 19, 2012

ရိုးသားခြင်း



သူငယ်ချင်း...
အေးမြတဲ့စမ်းရေရဲ့    ဖြည့်စည်းမှုကို        
မင်းသိနေခဲ့မှတော့
ဖောင်စီးရင်း ရေငတ်ရတော့မယ်ဆိုရင်
တိမ်ဖုံးနေလေတဲ့ လပြည့်ညတစ်ညမှာ
ပုရစ်ရင်ကွဲတွေရဲ့အော်သံတွေနောက်
လိုက်ရှာနေတဲ့ လူတစ်ယောက်မင်းဖြစ်သွားမှာပေါ့။
သူငယ်ချင်း...
ငြိမ်းချမ်းတဲ့တောအိမ်ရဲ့ ဖြည့်ဆည်းမှုကို
မင်းခိုနားသိခဲ့ပြီးမှတော့
အနားယူအိပ်စက်ရင်း အိပ်မက်ဆိုးတွေမက်နေမယ်ဆိုရင်
 မြို့ပြရဲ့ငြိမ်းချမ်းမှုလရောင်ကို မာကြူရီမီးအလင်းတန်းတွေနဲ့
ပျော်မွေ့နေတဲ့ လူတစ်ယောက်မင်းဖြစ်သွားမှာပေါ့။
သူငယ်ချင်း....
တိမ်တိုက်တို့ရဲ့ သဘာဝ
လပြည့်ဝန်းတို့ရဲ့ သဘာဝတွေကို
မင်းသိနေခဲ့မှတော့
တိမ်ဖုံးးနေလေတဲ့ လပြည့်ဝန်းလိုမင်းဖြစ်သွားမှာ
ငါစိုးရိမ်နေတယ်။ ။
           သာထွန်းမွန်




Thursday, January 5, 2012

ဆောင်းနှင်းတွေနဲ့အတူတူ မကြာမီကျရောက်တော့မည့် မွန်အမျိုးသားနေ့


ဆောင်းနှင်းတွေနဲ့အတူတူ မကြာမီကျရောက်တော့မည့် မွန်အမျိုးသားနေ့
ဖင်လန်နိုင်ငံရောက် မွန်အမျိုးသားများသည် သက္ကရာဇ်(2012) ဖေဖေါ်ဝါရီလ (8)    ရက်နေ့၊ မွန်ပြက္ခဒိန်အားဖြင့် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့တွင်ကျရောက်မည့်( ၆၅)ကြိမ်မြောက် မွန်အမျိုးသားနေ့အား အခြေအနေ၊ အချိန်အခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ရက်နောက်ကျပြီးမှ သက္ကရာဇ်(2012) ဖေဖေါ်ဝါရီလ(11) ရက်စနေနေ့ တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိစည်စည်ကားကား အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန်
*      ဥက္ကဋ္ဌ                                                     နိုင်ယုမွန်
*      အတွင်းရေးမှူး                                           Helsinki မှရွေးချယ်ရန်
*      အခမ်းနားမှူး                                             မင်းမျိုးမင်း ၊
*      အခမ်းအနားပြင်ဆင်ရေး                                နိုင်ယုမွန်၊ နိုင်တလနွန်၊ သာထွန်းမွန်
*      အခမ်းအနားဖြစ်မြောက်ရေးအစီအစဉ်                 နိုင်တလပွန်၊ နိုင်ထောဦးလ၀ီမာန်
*      ဘဏ္ဍာ                                                    မင်းဝင်းမောင်(စာရင်းကိုင်)၊နိုင်နိယမမွန်(ငွေထိန်း)
*      ယဉ်ကျေးမှု                                               နိုင်ထောဦးလ၀ီမာန်(စက်ပိုင်းဆိုင်ရာ)၊မိချို(အက)
*      ကြိုဆိုဧည့်ခံရေး                                          ကိုနိုင်
*      အစားအသောက်နှင့်အချက်အပြုတ်                    နိုင်ဗီထော၊ နိုင်နိယမမွန်
*      ဆက်ဆံရေးနှင့်မီဒီယာ                                 
Ø  ဖိတ်စာ                                          မင်းမဟာမွန်
Ø  သတင်း                                         သာထွန်းမွန်
Ø  ကမ်မရာ၊ဗီဒီယို                                 နိုင်တလပွန်၊ နိုင်တလနွန်                                                                                         
အစရှိသည့် အထက်ပါဖင်လန်နိုင်ငံရောက် မွန်အမျိုးသားများဖြင့်(၆၅)ကြိမ်မြောက်မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။
(၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းနားအား     ဖင်လန်နိုင်ငံအလယ်ပိုင်းမြို့တော်ရူပါစကူးလား(Jyväskylä) မြို့၌ကျင်းပမည်ဖြစ်ရာ အခမ်းနားသို့ ဖင်လန်နိုင်ငံဒေသအသီးသီးက မွန်မျိုးချစ်လူငယ်၊ လူရွယ်၊ လူကြီးများ၊ မွန်ကလေးငယ်များ၊ ဖိတ်ကြားထားသော ဖင်လန်နိုင်ငံရောက်မြန်မာတိုင်းရင်းသားများအပါအ၀င် မွန်အမျိုးသားနေ့ အားစိတ်ပါဝင်စားမည့် ဒေသခံဖင်လန်လူမျိုးများတက်ရောက်ကြမည်ဖြစ်ပါသည်။
တပို့တွဲလပြည့်ကျော်()ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ရသည့် အကြောင်းရင်းကား သာသနာသက္က ရာဇ် ၁၁၁၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်()ရက်နေ့တွင် သမလ၊ ၀ိမလ မွန်မင်းညီနောင်နှစ်ပါးတို့သည် ဟံသာနေပြည်တော်ခေါ် ပဲခူးမြို့ကို စတင်တည်ထောင်၍ ထီးနန်းကိုအုပ်ချုပ်ခဲ့သောနေ့ ပင်ဖြစ်သည်။
ယင်းသမိုင်းအကြောင်းကို အထောက်အထားပြု၍ တပို့တွဲလပြည့်ကျော်()ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ကျင်းပလာခဲ့ကြရာ   ယခုတိုင်(၆၅)ကြိမ်မြောက်ရောက်ခဲ့လေပြီ။ ဖင်လန်နိုင်ငံ၌မူမွန်အမျိုးသားနေ့အားနှစ်စဉ်ကျင်းပလာခဲ့ရာ ယခုဆိုရင်(၁၂)ကြိမ်မြောက်ပြည့်တော့မည်။