Monday, April 9, 2012

သို့


 

 
သြော်နွေ…
ဆောင်းနှင်းပြယ်သောအခါ
နွေးထွေးမှုမနက်ခင်းအလင်းရောင်တွေနဲ့
သူကရောက်လာစမြဲ၊
အမေရယ်…
ဥသြသံကင်းမဲ့နေတဲ့
အဝေးရောက်သားတယောက်ရဲ့
နွေက ဘယ်ပြည့်စုံပါ့မလဲနော်၊
ကြည်လင်ပြာလဲ့လဲ့ ကန်ရေပြင်အပေါ်
ဖြတ်လျှောက်လာတဲ့ နွေလေညှင်းတို့ရဲ့
နွေအရိုင်းပန်းမွေးရနံ့တွေကြောင့်
တချိန်က…
သားတို့ရဲ့ နာဂ၀ံသချောင်းနံဘေးက
ကံ့ကော်ရနံ့ကို သတိရမိတယ်၊
အမေရယ်…
အပြာရောင်ခုံတန်းတွေနဲ့ဝေးကွာနေရတဲ့
အဝေးရောက်သားတယောက်ရဲ့
နွေကလည်းဘယ်ပြည့်စုံပါ့မလဲနော်၊
ကြည်လင်ပြာလဲ့လဲ့ ကန်ရေပြင်နံဘေးနဲ့
နွေရာသီအားလပ်ရက် လမ်းသွယ်ထက်က
ချစ်သူစုံတွဲတွေကို မြင်မိတဲ့အခါ
သားတို့ရဲ့ နာဂ၀ံသချောင်းနံဘေးက
စွယ်တော်ရိပ်ကို သတိရမိတယ်၊
အထူးသဖြင့်…
စနစ်ဆိုးကို တိုက်ဖျက်ဖို့အတွက်
နှလုံးသားတွေအပြိုင် ဖြူစင်ခဲ့ဖူးတဲ့
သားတို့ရဲ့ နာဂ၀ံသချောင်းပေါ်က
တံတားဖြူလေးကို သတိရမိတယ်။ ။

သာထွန်းမွန်