Thursday, April 12, 2012

အုပ်စုဖွဲ့ခြင်း

 (၂၀၀၈) ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဆောင်းပါးဟောင်းလေးပါ။


အုပ်စုဖွဲ့ခြင်းနဲ့ ပတ်သက်ပြီး ငယ်ငယ်တုန်းက အကြောင်းအရာလေးတွေကို ပြန်ပြောင်း သတိရမိပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ------။
ကျွန်မတို့ ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့ကျောင်းမှာ အတန်းတင် စာမေးပွဲပြီးရင် အဆင့်တွေ စီပြီး အဆင့် (၁)ကနေ (၅၀)- (၆၀) ခန့်ကို အေခန်းပို့တဲ့ အလေ့အထ ရှိခဲ့ပါတယ်။ အဲ- လေးတန်းနှစ်ရောက်တော့ ဘာလို့ရယ် မသိဘူး။ အဲဒီလို ထိပ်ဆုံး (၅၀)၊ (၆၀) ကို အေခန်းပို့တာမျိုး မလုပ်ပဲ (၁)နဲ့ (၂) ကို အေခန်း၊ (၃)နဲ့ (၄) ကို ဘီခန်း စသည်ဖြင့် ပို့တာတွေ လုပ်ပါတော့တယ်။ အဲဒီတုန်းက ကျွန်မက သုံးတန်းမှာ အဆင့် (၃) သာရလေတော့ ဘီခန်းကို ရောက်သွားပါလေရော။ အမေဆိုတာ ၀မ်းနည်းပက်လက်နဲ့။ ကျောင်းအပ်တဲ့နေ့မှာ အတန်းပိုင် ဆရာမ သစ်ဖြစ်လာမယ့် ဆရာမဒေါ်ခင်ငြိမ်းက မနည်းရှင်းပြလိုက် လို့သာ တော်ပါသေးတယ်။ မဟုတ်ရင် သူ့သမီး အဆင့် (၆၀) ကျော် ရတယ်ဆိုပြီး အတော့်ကို ၀မ်းနည်းသွားရှာတာပါ။
ဒီလိုနဲ့ (၁) ကနေ (၁၀) အတွင်းက စာပြိုင်ဘက်တွေကို အခန်းခွဲ ထည့်လိုက်ချိန် ကစပြီး တယောက်ချင်းပြိုင်နေတဲ့ပုံစံကနေ ပြောင်းလဲသွားပါတော့တယ်။ အေခန်း၊ ဘီခန်း၊ စီခန်း၊ ဒီခန်း စသည်ဖြင့် အုပ်စုတွေ ဖြစ်လာတော့တာပါ။ ကိုယ့်အခန်းထဲမှာ ဘယ်လိုဖြေဖြေ အဆင့် (၁)၊ (၂) ၊ (၃) တွေပဲ ရမှာ သေချာနေကြတော့ အဆင့်ကို မပြိုင်ကြတော့ပဲ အမှတ်ကို ပြိုင်ကြတာ အသည်းအသန်ပါပဲ။
ဆရာမတွေကလဲ အေအုပ်စုကဆို သင်္ချာမှာ ဘယ်လိုတော်တာ၊ ဘီအုပ်စုကဆို သမိုင်းမှာ ဘယ်လိုစတာတွေပြောပြီး လိုက်ဖွပေးပါလေရော။ အပြိုင်အဆိုင်စိတ်ကို အတော်အားပေးခဲ့ကြတာပါ။ တခုကောင်းတာကတော့ စာသိပ်မလုပ်တဲ့လူတွေလဲ ကိုယ့်အုပ်စုနဲ့ကိုယ်အားပေးကြ၊ မြှောက်ပေးကြနဲ့ လုပ်ဖြစ်လာကြတာမို့ အတန်းတွေထဲမှာ အရင်နှစ်တွေတုန်းကလို စာတော်သူ၊ စာညံ့သူ ခွဲခြားမှုတွေ သိပ်မရှိကြတော့ဘူး။ ဒါပေမယ့် ကိုယ့်အုပ်စုမှ ကိုယ့်အုပ်စုဖြစ်နေကြတာက ကြာလာတော့ အစွဲတွေဖြစ်ပြီး အစွန်းရောက် ကုန်ကြပြန်ပါတော့တယ်
အုပ်စုထဲမှာ စာတော်တဲ့ လူတွေကလဲ ၀ိုင်းပြီး မြှောက်တာ ခံနေရတော့ ကိုယ့်ဘာသာ သွေးနာထင်တွေ ရောက်ကုန်ကြပြန်ရော။ ကစားရင်တောင် အေခန်းကသပ်သပ်၊ ဘီခန်းက သပ်သပ်တွေ ဖြစ်လာကြပါတယ်။ တကယ့်ကို သူတလူ ငါတမင်းဖြစ်ခဲ့ကြတာပါ။ ပြိုင်လိုက်ရတာလဲဖတ်ဖတ်မော။ ကျက်လိုက်ရတဲ့စာ၊ တွက်လိုက်ရတဲ့သင်္ချာ။
မလုပ်လို့လဲမရပြန်ပါ။ ဟိုအရင်နှစ်တွေကလို ကိုယ်တယောက်တည်း အဆင့်ရဖို့မဟုတ်တော့ပါ။ ဒါက အုပ်စုချင်းပြိုင်ပွဲ ဖြစ်သွားပါပြီ။ ခုချိန်မှာ ပြန်တွေးကြည့်မိတော့ ရယ်စရာအလွန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ရယ်စရာမကောင်းပါဘူး။ အုပ်စုဗိုလ်ဖြစ်နေတော့ တခြားအုပ်စုက သူငယ်ချင်းတွေ တွေ့ရင် ရီပြချင်တာတောင် မရီပြရဲပါဘူး။ မနှုတ်ဆက်ရဲပါဘူး။ ကိုယ့်လူတွေက အထင်လွဲမှာ စိုးရလို့ပါ။
ကြာလာတော့ ဆရာမတွေလဲ ကြားကနေအနေရခက်ကုန်ကြပါတော့တယ်။ နံနက်ကျောင်းလာတာကို ထိုင်စောင့်ပြီး အုပ်စုချင်းအပြိုင်အဆိုင် ခြင်းတောင်းသွားပြေးဆွဲကြတာမှာ အုပ်စုတခုခုကို ခြင်းတောင်းလေးပေး လိုက်လို့ကတော့ နေရင်းထိုင်ရင်း အဲဒီဆရာမ စိတ်ကောက်ခံရပါလေရော။ ဘက်လိုက်တယ်လို့ အစွပ်စွဲခံရပါလေရော။
တခေါက်တုန်းကဆို အေအုပ်စုနဲ့ ဆရာမ ဒေါ်ခင်ငြိမ်း နေ့လည်စာ အတူသွားစားတာကို ဆန္ဒပြတဲ့အနေနဲ့ ကျွန်မတို့ ဘီအုပ်စုတွေ တခုခုလုပ်ဖို့ ဆုံးဖြတ်ကြပါတယ်။ တကယ်ဆို သူကဘီအခန်းအတန်းပိုင်မို့ ဘီခန်းကျောင်းသားတွေရဲ့ ခွင့်ပြုချက်လိုတယ်ဆိုပြီးတော့ပါ။ အေခန်းကျတော့ သူက ဘာသာရပ်ဆိုင်ရာ ဆရာမ ဖြစ်ပါတယ်။
ဒီလိုနဲ့ ကျွန်မနဲ့ သူငယ်ချင်းတယောက်က ဆရာမ၀င်လာရင် တတန်းလုံးမတ်တပ်ရပ် နှုတ်ဆက်ချိန်မှာ မရပ်ပဲ ပေပြီးထိုင်နေဖို့ အုပ်စုရဲ့သဘောတူညီချက်ရတယ်။ သူများမြှောက်ပေးတာကို ကျွန်မတို့ကလဲ တကယ်ကို လိုက်လုပ်ခဲ့ကြတယ်။ နောက်ပိုင်းနားလည်တတ်တဲ့အချိန်ရောက်လာတော့မှ ဆရာမကို ပြန် ကန်တော့ တောင်းပန်ခဲ့ရတယ်။ သြော်- ဆရာမသဘောထားကြီးပေလို့။ စိတ်တိုတတ်တဲ့ ဆရာမမျိုးသာဆိုရင် `ငါ့ကို ကျောင်းသားတွေရှေ့ မခန့်လေးစားလုပ်ရလား` ဆိုပြီး ထရိုက်ရင် နေရင်းထိုင်ရင်း နာဦးမှာ။
ဒီလိုနဲ့ တနေ့ကျတော့ အင်္ဂလိပ်စာ အမှတ်ထွက်ပါလေရော။ အေခန်းက တယောက်က အင်္ဂလိပ်စာမှာ ပိုတော်ပါတယ်။ ဒါကို ကျွန်မတို့ စာကြိုးစားသူ အချင်းချင်းကတော့ သိပါတယ်။ မြွေမြွေချင်း ခြေမြင်ပါတယ်။ ဒါပေမယ့် ဘီအုပ်စုထဲက တယောက်က အေအုပ်စု အမှတ်ပိုများသွားတာ မကျေနပ်ဘူး ဖြစ်လာတယ်။ အဲဒါဆရာမမျက်နှာလိုက်ပြီး အမှတ်ပိုပေးတာပဲဖြစ်ရမယ်၊ ဆရာမကို သီတင်းကျွတ်သွား ကန်တော့ထားတာပဲဖြစ်ရမယ်နဲ့ မကျေမနပ်ဆိုပါလေရော။ သူ့အဆိုကို အားလုံးကလဲ သံယောင်တွေ လိုက်ကြပါတော့တယ်။
ကိုယ်ညံ့လို့ ကိုယ်ရှုံးတာကို မဆီမဆိုင် ဆရာမကိုပြောနေကြတော့ ကျွန်မလဲ ခံနိုင်ရည်မရှိပါ။ ဒီလို မဟုတ်ကြောင်း၊ ကျွန်မတို့က သူ့လောက်မတော်တာဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲမှာ ယှဉ်နိုင်အောင် ပိုမိုကြိုးစားရမှာ ဖြစ်ကြောင်း ပြောပြဖြစ်ပါတယ်။
အဲဒီတော့ ကျွန်မကို တယောက်က ဒေါသတကြီးထပြောတယ်။
`နင်ဘယ်အုပ်စုဘက်မှာ ပါနေတာလဲ။ ဟိုလိုလို၊ ဒီလိုလိုမလုပ်နဲ့။ ဘာလို့ အေအုပ်စု တော်တဲ့အကြောင်းကို ပြောရတာလဲ။ ငါတို့ညံ့တာက ဘာလို့ပြောနေတာလဲ။ နင့်ကို မခေါ်တော့ဘူး။ တခြားလူတွေကိုလဲ နင့်နဲ့မပေါင်းဖို့ လိုက်ပြောမယ်` ဆိုပဲ။
ကဲ-ဘယ်လိုလုပ်ရပါ့။
အဲဒီတုန်းကတော့ ကလေးပီပီ ပြန်ပြောမိတယ်။
`ငါ့အဖိုးကပြောဖူးတယ်။ ရန်သူပေမယ့်လဲ ချီးကျူးစရာရှိရင် ချီးကျူးရမှာပဲတဲ့။ သူတော်လို့တော်တယ် ပြောတာ ဘာဖြစ်လဲ။ သူ့လိုတော်ချင်ရင် တော်အောင်ကြိုးစားကြပေါ့။ ငါ့ကို မခေါ်တာနဲ့ပဲ နင်တို့က ဟိုကအုပ်စုကို နိုင်သွားမှာမှ မဟုတ်တာ` ဆိုပြီးတော့ပါ။
တကယ်တော့ လူတိုင်းမှာ ရပ်တည်ချက်ဆိုတာရှိကြစမြဲပါ။ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ အားလုံးဟာ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ဖော်ဆောင်ကြပါတယ်။ ဒါပေမယ့် ရပ်တည်ချက်တူနေတိုင်း အမြင်တွေပါတူမယ်လို့ မဆိုနိုင်ပြန်ပါဘူး။
အမှုတခုဆိုပါစို့။ တရားသူကြီးနေရာက ကြည့်တဲ့အမြင်၊ တရားလိုရှေ့နေကကြည့်တဲ့အမြင်၊ တရားခံရှေ့နေက ကြည့်တဲ့အမြင်၊ ရုံးမှာ လာနားထောင်သူတွေရဲ့အမြင်ဆိုပြီး အမြင်အမျိုးမျိုး ရှိစမြဲပါ။ တရားလိုရှေ့နေတယောက်အနေနဲ့ တရားခံရှေ့နေစဉ်းစားနိုင်မယ့် အချက်တွေကို စဉ်းစားလိုက်မိတာနဲ့ပ၊ဲ တဘက်ကတော်တာကို ချီးမွမ်းပြောဆိုလိုက်တာနဲ့ပဲ ဒီရှေ့နေတော့ ဘက်ပြောင်းသွားပြီလို့ ပြောလို့မရပါဘူး။
မဟာဗျူဟာ လေ့လာရေးမှာ အဓိကအကျဆုံးက ကိုယ့်အားသာချက်၊ တဘက်လူအားသာချက်၊ ကိုယ့်အားနည်းချက်၊ တဘက်လူအားနည်းချက် တွေကို ချိန်ထိုးလေ့လာပြီး၊ အခွင့်အရေးတွေ၊ အနှောင့်အယှက်တွေကို ဘက်နှစ်ဘက်စလုံးကနေ ချိန်ဆသုံးသပ်နိုင်မှုပါပဲ။ (strength-weakness- opportunity- threat analysis) လို့ ပြောကြတယ်။
ဒီလိုသုံးသပ်မှုလုပ်နိုင်ဖို့ ကိုယ့်ရပ်တည်မှုဘက်ကနေ မဟုတ်ပဲ ရန်သူ့ဘက်ကအမြင်နဲ့ ခြေလှမ်းတွေကိုလဲ ထည့်သွင်းစဉ်းစား ပြောဆိုရတာတွေ ရှိတတ်ပါတယ်။ ဒါကို ရပ်တည်ချက် ပြောင်းသွားပြီ စွပ်စွဲလို့မရပါ။ ရန်သူ့အားသာ ချက်တွေ ဖော်ထုတ်ထောက်ပြတာမှုဟာ ဘက်လိုက်ပြောဆိုနေတယ်လို့ ထင်မြင်ရမယ့် ကိစ္စရပ် မဟုတ်ပါ။ ကိုယ့်မဟာဗျူဟာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်သာ ဖြစ်ပါတယ်။
ဘေးကနေထိုင်ကြည့်နေတဲ့ ပရိသတ်မှာလဲ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ တရားလိုနဲ့ ပတ်သက်သူတွေရှိသလို၊ တရားခံနဲ့ပတ်သက်သူတွေလဲရှိပါတယ်။ ဘယ်သူနဲ့မှ မပတ်သက်သူတွေလဲ ရှိပါတယ်။ ဒါကို ရှေ့နေနှစ်ယောက်က ပရိသတ်တွေကိုသွားပြီး ရန်လိုက်မဖြစ်ပါ။ ကိုယ်ပြောတာ လက်မခံတာနဲ့ပဲ ကြံရာပါဆိုပြီး တရားခံလိုက်ဆွဲထည့်ရိုး ထုံးစံလဲ မရှိပါ။
တကယ်တော့ လောကမှာ နေရာတိုင်းအဖြူချည်း၊ အမည်းချည်းဆိုတာ ရှိတာမဟုတ်ပါဘူး။ အ၀ါရောင်လဲရှိပါတယ်။ အနီရောင်လဲရှိပါတယ်။ အနီရောင်မြင်ရတာကို အဖြူရောင်အုပ်စုလူက အဖြူရောင်ပဲမြင်တယ်ပြောရမယ်၊ အမည်းရောင်အုပ်စုလူက အမည်းရောင်ပဲ မြင်တယ်ပြောရမယ်လို့ အုပ်စုဖွဲ့သတ်မှတ်တာမျိုးတွေက သဘာဝ သိပ်မကျလှပါဘူး။ လူ့အတွေးအခေါ်၊ အမြင်တွေကို စော်ကားရာလဲကျပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူသားတယောက်အနေနဲ့ အမှန်တရားဆိုတာကို လေးစားတန်ဖိုးထားကြဖို့ လိုအပ်ပါတယ်။ အုပ်စုတခုတွင်းမှာ ရပ်တည်သူပဲဖြစ်ဖြစ်၊ ပရိတ်သတ်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကိုယ်မြင်တဲ့အမြင်ကို ဖော်ထုတ်ရဲရပါမယ်။ ဒါကိုလဲ လေးလေးစားစား အသိအမှတ်ပြုကြရပါမယ်။ အလုပ်ပိုင်းမှာကတော့ `အမြင်တူတာမှာ တွဲလုပ်၊ မတူတာမှာ ခွဲလုပ်`ကြရုံပါပဲ။ ဒါကကျတော့ ရပ်တည်ချက်နဲ့ ဆိုင်သွားပါပြီ။
ဒါပေမယ့် `ငါနဲ့မတူငါ့ရန်သူ``ငါဖြူရင် နင်လိုက်ဖြူရမယ်။ မဖြူဘူးဆိုရင် နင့်ကို အမည်းလို့သတ်မှတ်မယ်` ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဆိုရင်တော့ အကျိုးယုတ်တာပဲ အမြတ်ထွက် လာနိုင်တယ်လို့ တွေးမြင်ပါကြောင်း။

Add comment