Sunday, February 19, 2012

ရိုးသားခြင်း



သူငယ်ချင်း...
အေးမြတဲ့စမ်းရေရဲ့    ဖြည့်စည်းမှုကို        
မင်းသိနေခဲ့မှတော့
ဖောင်စီးရင်း ရေငတ်ရတော့မယ်ဆိုရင်
တိမ်ဖုံးနေလေတဲ့ လပြည့်ညတစ်ညမှာ
ပုရစ်ရင်ကွဲတွေရဲ့အော်သံတွေနောက်
လိုက်ရှာနေတဲ့ လူတစ်ယောက်မင်းဖြစ်သွားမှာပေါ့။
သူငယ်ချင်း...
ငြိမ်းချမ်းတဲ့တောအိမ်ရဲ့ ဖြည့်ဆည်းမှုကို
မင်းခိုနားသိခဲ့ပြီးမှတော့
အနားယူအိပ်စက်ရင်း အိပ်မက်ဆိုးတွေမက်နေမယ်ဆိုရင်
 မြို့ပြရဲ့ငြိမ်းချမ်းမှုလရောင်ကို မာကြူရီမီးအလင်းတန်းတွေနဲ့
ပျော်မွေ့နေတဲ့ လူတစ်ယောက်မင်းဖြစ်သွားမှာပေါ့။
သူငယ်ချင်း....
တိမ်တိုက်တို့ရဲ့ သဘာဝ
လပြည့်ဝန်းတို့ရဲ့ သဘာဝတွေကို
မင်းသိနေခဲ့မှတော့
တိမ်ဖုံးးနေလေတဲ့ လပြည့်ဝန်းလိုမင်းဖြစ်သွားမှာ
ငါစိုးရိမ်နေတယ်။ ။
           သာထွန်းမွန်




Thursday, January 5, 2012

ဆောင်းနှင်းတွေနဲ့အတူတူ မကြာမီကျရောက်တော့မည့် မွန်အမျိုးသားနေ့


ဆောင်းနှင်းတွေနဲ့အတူတူ မကြာမီကျရောက်တော့မည့် မွန်အမျိုးသားနေ့
ဖင်လန်နိုင်ငံရောက် မွန်အမျိုးသားများသည် သက္ကရာဇ်(2012) ဖေဖေါ်ဝါရီလ (8)    ရက်နေ့၊ မွန်ပြက္ခဒိန်အားဖြင့် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့တွင်ကျရောက်မည့်( ၆၅)ကြိမ်မြောက် မွန်အမျိုးသားနေ့အား အခြေအနေ၊ အချိန်အခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ရက်နောက်ကျပြီးမှ သက္ကရာဇ်(2012) ဖေဖေါ်ဝါရီလ(11) ရက်စနေနေ့ တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိစည်စည်ကားကား အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန်
*      ဥက္ကဋ္ဌ                                                     နိုင်ယုမွန်
*      အတွင်းရေးမှူး                                           Helsinki မှရွေးချယ်ရန်
*      အခမ်းနားမှူး                                             မင်းမျိုးမင်း ၊
*      အခမ်းအနားပြင်ဆင်ရေး                                နိုင်ယုမွန်၊ နိုင်တလနွန်၊ သာထွန်းမွန်
*      အခမ်းအနားဖြစ်မြောက်ရေးအစီအစဉ်                 နိုင်တလပွန်၊ နိုင်ထောဦးလ၀ီမာန်
*      ဘဏ္ဍာ                                                    မင်းဝင်းမောင်(စာရင်းကိုင်)၊နိုင်နိယမမွန်(ငွေထိန်း)
*      ယဉ်ကျေးမှု                                               နိုင်ထောဦးလ၀ီမာန်(စက်ပိုင်းဆိုင်ရာ)၊မိချို(အက)
*      ကြိုဆိုဧည့်ခံရေး                                          ကိုနိုင်
*      အစားအသောက်နှင့်အချက်အပြုတ်                    နိုင်ဗီထော၊ နိုင်နိယမမွန်
*      ဆက်ဆံရေးနှင့်မီဒီယာ                                 
Ø  ဖိတ်စာ                                          မင်းမဟာမွန်
Ø  သတင်း                                         သာထွန်းမွန်
Ø  ကမ်မရာ၊ဗီဒီယို                                 နိုင်တလပွန်၊ နိုင်တလနွန်                                                                                         
အစရှိသည့် အထက်ပါဖင်လန်နိုင်ငံရောက် မွန်အမျိုးသားများဖြင့်(၆၅)ကြိမ်မြောက်မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။
(၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းနားအား     ဖင်လန်နိုင်ငံအလယ်ပိုင်းမြို့တော်ရူပါစကူးလား(Jyväskylä) မြို့၌ကျင်းပမည်ဖြစ်ရာ အခမ်းနားသို့ ဖင်လန်နိုင်ငံဒေသအသီးသီးက မွန်မျိုးချစ်လူငယ်၊ လူရွယ်၊ လူကြီးများ၊ မွန်ကလေးငယ်များ၊ ဖိတ်ကြားထားသော ဖင်လန်နိုင်ငံရောက်မြန်မာတိုင်းရင်းသားများအပါအ၀င် မွန်အမျိုးသားနေ့ အားစိတ်ပါဝင်စားမည့် ဒေသခံဖင်လန်လူမျိုးများတက်ရောက်ကြမည်ဖြစ်ပါသည်။
တပို့တွဲလပြည့်ကျော်()ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ရသည့် အကြောင်းရင်းကား သာသနာသက္က ရာဇ် ၁၁၁၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်()ရက်နေ့တွင် သမလ၊ ၀ိမလ မွန်မင်းညီနောင်နှစ်ပါးတို့သည် ဟံသာနေပြည်တော်ခေါ် ပဲခူးမြို့ကို စတင်တည်ထောင်၍ ထီးနန်းကိုအုပ်ချုပ်ခဲ့သောနေ့ ပင်ဖြစ်သည်။
ယင်းသမိုင်းအကြောင်းကို အထောက်အထားပြု၍ တပို့တွဲလပြည့်ကျော်()ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ကျင်းပလာခဲ့ကြရာ   ယခုတိုင်(၆၅)ကြိမ်မြောက်ရောက်ခဲ့လေပြီ။ ဖင်လန်နိုင်ငံ၌မူမွန်အမျိုးသားနေ့အားနှစ်စဉ်ကျင်းပလာခဲ့ရာ ယခုဆိုရင်(၁၂)ကြိမ်မြောက်ပြည့်တော့မည်။
   


                                                   

Friday, December 16, 2011

ကျနော် ဖတ်ဖြစ်ခဲ့သော စာအုပ်လေးတအုပ်

စာအုပ်သည် အားလပ်ရက်အတွက် အကောင်းဆုံးမိတ်ဆွေဟု ကျနော် လက်ခံမိသည့် အချိန်မှစ၍ အချိန်ရတိုင်း တွေ့ရာ ဗဟုသုတ ဖြစ်စေသော စာအုပ်များ၊ သမိုင်းအချက်အလက် စာအုပ်များကို အွန်လိုင်းပေါ်မှသော်လည်းကောင်း၊ သိမ်းထားတဲ့ စာအုပ်စင်ထဲက သော်လည်းကောင်း အမြဲဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် မွန်အမျိုးသားတို့၏ ရိုးရာဓလေ့၊ ခေတ်အဆက်ဆက် ၀တ်စားဆင်ယဉ်ပုံ၊ သမိုင်းအဖြစ်အပျက်နဲ့ သက်ဆိုင်သော စာအုပ်များကို ရှာဖွေဖတ်ရှုလေ့ ရှိပါတယ်။

မွန်ခမာအုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သော သမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်းမှ (YANGTZEKIANG) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆက်သက်လာကြသည်ဟု “မွန်မျိုးသားတို့၏ နောက်ခံသမိုင်း” စာအုပ်မှ သိရှိခဲ့ရပါတယ်။ ဤစာအုပ်ထဲတွင် ထုတ်ဝေသည့် အဖွဲ့အစည်း၊ ခုနှစ်သက္ကရာဇ်၊ အုပ်ရေပေါင်း အရေအတွက် မပါရှိသော်လည်း သမိုင်းမတင်မီခေတ်မှ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းတဲ့ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့အထိ ခေတ်အဆက်ဆက် မွန်လူမျိုးတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အကြောင်းအရာကို စုံလင်စွာ လေ့လာခွင့် ရရှိခဲ့ပါတယ်။

ဤ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း စာအုပ်ထဲက ကျနော် အထူးဗဟုသုတ ရရှိစေခဲ့သော အကြောင်းအရာ တခုကတော့ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းရင်းပါပဲ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းရင်းကို အမျိုးသားချစ်စိတ် ရှိနေသူ မွန်အမျိုးသားတိုင်း၊ မွန်ကလေးငယ်တိုင်း အစမှအဆုံး၊ အခြေခံကအစ သိရှိနှင့်ပြီ ဖြစ်သော်လည်း မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား မေးလာသူ သမီးလေးနဲ့ ပြည်ပမှာ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ မိတ်ဆွေတယောက်အတွက် အမှန်အတိုင်း ပြောပြခွင့်ရခဲ့တဲ့အတွက် ဤစာအုပ် ရေးသားသူအား အထူးကျေးဇူးတင်မိပါတယ်။

ဤမွန်အမျိုးသားတို့၏ နောက်ခံသမိုင်း စာအုပ်ထဲက ဗမာပြည် လွတ်လပ်ရေး ရပြီးနောက် မွန်နဲ့ဗမာ ဆက်ဆံရေး၊ ကရင်နဲ့မွန် ဆက်ဆံရေးနဲ့ ဗမာနဲ့ကရင် ဆက်ဆံရေး အကြောင်းအရာများအား ပြီးပြည့်စုံလောက်အောင် လေ့လာခွင့် မရရှိခဲ့သော်ငြားလည်း အထိုက်အလျှောက် လေ့လာခွင့်တော့ ရရှိခဲ့ပါတယ်။

ကရင်တမျိုးသားလုံးရဲ့ အာဇာနည် သူရဲကောင်း၊ ဗမာအပါအ၀င် အဖိနှိပ်ခံ တိုင်းရင်းသားအားလုံးတို့၏ စံပြတော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ အမျိုးသားရေးချစ်စိတ်၊ အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးစွန့်မှုတို့အား အတုယူဖွယ် ကောင်းလှသလို၊ သစ္စာဖောက် ကရင်လက်ကိုင် လူတစုရဲ့ မိုက်မဲမှုကြောင့် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ဗိုလ်စိန်လွင် (နောင်သောအခါ ၁၉၈၈ လူထုအုံကြွမှုကြောင့် ကမ္ဘာ့သက်တမ်းအတိုဆုံး သမ္မတမှတ်တမ်းဝင်သွားသူ) ၏ လက်ချက်ကြောင့် သူရဲကောင်းပီသစွာ ရေတိမ်မှာ နစ်ခဲ့ရသော စောဘဦးကြီး၏ အဖြစ်ကလည်း သံဝေဂရဖွယ် ကောင်းလှပါတယ်။

ထို့အတူ ဤစာအုပ်၏ မှတ်တမ်းအရ ဗမာတွေ အချင်းချင်းကြား အကွဲအပြဲ ဇာတ်လမ်းထဲမှာ အလိမ်ခံရသူ မွန်လူမျိုးတွေရဲ့ သမိုင်းဖြစ်ရပ်မှန်ကလည်း အထင်အရှားပါပဲ။ ဗမာအမျိုးသား နိုင်ငံရေး သန့်ရှင်းဖဆပလခေါင်းဆောင် ဦးနုရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ….(၁၉၅၈) ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ ပငစစ်မျက်နှာတွင် စတင်အကောင်အထည်ဖော်ခဲ့ရာမှ မွန်ပြည်သူ့တပ်ဦးခေါင်းဆောင် နိုင်အောင်ထွန်း ဦးဆောင်၍ မွန်ပြည်သူ့တပ်ဦး တပ်သား (၁၀၀၀) ကျော် လက်နက်အပ်နှံခဲ့ရပါတယ်။

ထိုနောက်ပါလီမန် ဒီမိုကရေစီ တိုက်ပွဲအသွင်သို့ မွန်ပြည်သူ့တပ်ဦး ပြောင်းလာပြီးနောက် မွန်ပြည်သူ့တပ်ဦး၏ သေနင်္ဂဗျုဟာ ဖြစ်သော မွန်အမျိုးသား လွတ်မြောက်ရေးအတွက် အခြေခံမှ အဆင့်ဆင့် ကြိုးပမ်းခဲ့သော်လည်း ၀န်ကြီးချုပ် ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရ၏ နိုင်ငံရေး၊ အထူးသဖြင့် ယဉ်ကျေးမှု စစ်မျက်နှာအောက်တွင် ဆုံးရှုံးခဲ့ရပါတယ်။

ဤသို့ဖြင့် နိုင်အောင်ထွန်း အပါအ၀င် မွန်အမျိုးသားများသည် ဦးနုအစိုးရလက်ထက်တွင် မွန်ပြည်နယ် ဖော်ထုတ်ရေးကို ဆောင်ရွက်နေစဉ် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး ပထစ ၀န်ကြီးများအား ဖမ်းဆီးရာတွင် နိုင်အောင်ထွန်းလည်း အဖမ်းခံခဲ့ရသည်။

အဖမ်းဆီးခံရပြီးနောက် ပုံပြင်ဆန်ဆန် လုပ်ကြံခံခဲ့ရသည်ဟု ကျနော် ငယ်စဉ်အခါက တဆင့်စကားအရ ကြားသိခဲ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ (၁၉၅၈) ခုနှစ် မွန်ပြည်သူ့တပ်ဦးရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ကိစ္စနဲ့ ပတ်သက်၍ ယနေ့တိုင် မွန်တမျိုးသားလုံးကြားတွင် ရေပန်းစားနေသော စကားလုံးတွေကတော့ “တခါအလိမ်ခံရတုန်းက သူ့ကို အပြစ်ပုံချလို့ ရပေမယ့်၊ ထပ်ပြီး နှစ်ခါအလိမ်ခံရရင် သူ့အပြစ် မဟုတ်ဘဲ ကိုယ့်အပြစ်လို့သာ ပုံချပါတော့” တဲ့။ ။




--------------------------------------------------------------------------------

Saturday, December 10, 2011

အိမ်ပြန်ချိန်(၃)

သြော်…
အရိုးပေါ်အရေတင် သေသပ်ဆံဖြူ
ရိုးရှင်းတဲ့ နှလုံးသားတွေနဲ့
အဝေးရောက်သားနဲ့ကျမ ပြန်လည်ကာ
ဆုံဆည်းချင်လှပါပြီးလို့….ဘုရားစင်ရဲ့ရှေ့
အမေ နေ့စဉ်ဆုတောင်းနေတာ
သားသိပါတယ်အမေ။ 

အမေ…ကျနော်ဟာ
အိမ်ပြန်ချိန်ကိုတောင် မသိသေးတဲ့
အဝေးရောက်သားမှမဖြစ်သေးတာ
အမေ့ရဲ့နှလုံးသားနဲ့ အနီးကပ်ဆုံးတနေရာမှာရှိနေခဲ့တဲ့
ခုလဲရှိနေဆဲ နောင်လဲရှိနေမယ့်
အမေ့ရဲ့ အဝေးရောက်သားဟာ
လိုအင်ဆန္ဒတွေပြည့်ဝတဲ့တနေ့ကျရင်
အမေ့ရင်ခွင်ဆီ သားအဦးဆုံးတိုးဝင်မှာပါ။
ဒီအချိန်မှာ အဝေးရောက်သားရဲ့မွေးမေမေ
နေကောင်းပါစေလို့သာ ….
ဘုရားစင်ရဲ့ရှေ့မှာသား 
 ဆုတောင်းလိုက်ပါတယ် အမေ။ ။
                                           သာထွန်းမွန်

Wednesday, November 2, 2011

အိမ်ပြန်ချိန်(၂)

သူငယ်ချင်း ….
ရွက်ဝါတို့ကြွေကျပြီးတဲ့နောက်
ဆောင်းနှင်းပွင့်တို့ဝေလာပြီဆိုရင်
ငါ့ရင်ဘတ်ထဲကနှလုံးသားနှစ်မွှာကတော့
လွတ်မြောက်ရေး…လွတ်မြောက်ရေးလို့
ခုန်ခုန်လာတယ်။


သူငယ်ချင်း….
တချိန်က (၃၁) ဒီဇင်ဘာဆောင်းရက်တစ်ရက်ကို
မင်းမှတ်မိမှာပါ။
အထူးသဖြင့်…..နာဂ၀ံသချောင်းကလေးသိတယ်
မင်းရယ်ငါရယ် တို့တတွေဆုံဆည်းနေကျ
လိုင်ဘရီလေးသိတယ်
သုံးပင်လိမ်အောင်သပြေအ၀ိုင်းရှေ့က
ဟင်္သာမောင်နှံ အသိဆုံးပါပဲ။
ငါတို့တတွေအားလုံးရဲ့ ရင်ခုန်သံက
လွတ်မြောက်ရေး လွတ်မြောက်ရေးပဲ မဟုတ်ပါလား။
သူငယ်ချင်း….နှလုံးရဲ့တောင်းဆိုမှုကြောင့်
ငါ့ရင်ခုန်သံတွေ ကျယ်လောင်လာပြီ
လွတ်မြောက်ရေး လွတ်မြောက်ရေးတဲ့။
ဆောင်းရဲရင် နှင်းရဲရမယ်ဆိုပေမယ့်
ဆောင်းမှာဝေတဲ့ ဆောင်းနှင်းပန်းလေးတွေလို
အပူနဲ့တွေ့စဉ်ခဏအလွယ်တကူ
အရည်မပျော်ပါစေနဲ့ သူငယ်ချင်း။ ။

Saturday, September 3, 2011

အိမ်ပြန်ချိန်


ငါ့လှေ ငါထိုး
ပဲခူးရောက်ရောက်
ငယ်စဉ်တုန်းက မူလတန်းမှာ
ကြားခဲ့ဖူးပါတယ်။
သမိုင်းစာအုပ်ထဲကပေါ့
သက်ဦးဆံပိုင် မင်းညစ်တွေကြောင့်
မှန်နန်းထင်းဖြစ်သွားတဲ့အကြောင်း
ငယ်စဉ်တုန်းအခါ အလယ်တန်းကတည်းက
လေ့လာခဲ့ဖူးပါတယ်။
ငါသည် မွန်ဂိုးလီးယားအနွယ်
ငါသည် စစ်တကောင်းအနွယ်တဲ့
ဝါဒအစွဲအမျိုးသားရေးတွေနဲ့
ဆိုရှယ်လစ်တဖြစ်လဲ...စစ်အာဏာရှင်တို့ရဲ့အကြောင်း
ငယ်စဉ်အရွယ် အထက်တန်းဘ၀မှာ
လေ့လာမှတ်သားခဲ့ပါတယ်။
ဒီမိုကရေစီသည် ငါတို့၏ဘဝ
ဒီမိုကရေစီသည် ငါတို့လူမျိုး၏
လွတ်မြောက်ရာလမ်းအဖြစ်....
၉၆ရဲ့ ဒီဇင်ဘာ(၁၂)မှာ သူတို့လေးတွေနဲ့အတူ
ကျနော် လက်တွေ့ပြသခဲ့ပါတယ်။
ပန်းသတင်း လေညှင်းဆောင်ပေမဲ့
ပေါက်ပန်းတို့ရဲ့ ၀တ်ရည်ကိုတပ်မက်မိတဲ့
လိပ်ပြာလေးတကောင်လို ကျနော်ဟာ
သင်းပျံ့လှပတဲ့ပန်းတို့ရဲ့ ၀တ်ရည်ကို
ရှာဖွေနေဆဲပါပဲ။
သြော်…အိမ်ပြန်ချိန်တဲ့လား
တံခါးလေးက ဟတ၀က်
လှေကားလေးက မခိုင်လို့ယိုင်ကာ
ဧည့်ခန်းရဲ့မှန်လေးတချပ်က ကွဲနေမှတော့။ ။


သာထွန်းမွန်
 
 
 
 
 



 

Saturday, August 13, 2011

    Written by နေထွန်းနိုင်   
    Wednesday, 10 August 2011 05:48
    ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ
    ရာဇ၀င်သစ်တို့ မွေးဖွားရာ
    ရွှေရောင် နေ့သစ်များ အတွက်
    ရင်ခုန်သူတို့ရဲ့ သီချင်းတွေ
    ပျိုမြစ် စိမ်းလန်းရေး အတွက်
    ယုံကြည်သူတွေ အသက်နဲ့
    ထုဆစ်ခဲ့တဲ့ အိပ်မက်များ
    ဧရာဝတီ . . . .
    ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင်
    ဧရာဝတီ . . . .
    ရာဇင်ဝင်များရဲ့ သတို့သမီး ငါတို့ရဲ့ ၀ိညာဉ်
    ဧရာဝတီ . . . .
    ဧရာဝတီနှင့် ပတ်သက်၍ စာများစွာ ရှိခဲ့ဖူးသည်။ ထိုစာများထဲ၌ ဆရာတိုက်စိုး၏ 'ဧရာဝတီ'ကို ပထမဆုံး ဖတ်ရှုခဲ့ရဖူးသည်။ 'ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေကာလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာ မမြင်သော်လဲ့ မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့။' ဆရာဇော်ဂျီ၏ ကဗျာဖြင့် ဧရာဝတီ စာမျက်နှာများကို ဆရာတိုက်စိုးက စတင် ရေးသားခဲ့ပါသည်။ နောက်ထပ် ဖတ်ခဲ့ရသည်က ဆရာဗန်းမော်တင်အောင်၏ 'မြစ်ဧရာပေါ်ဝယ်' ဖြစ်ပါသည်။
    ဧရာဝတီအကြောင်း ဖွဲ့သီသော သီချင်းများ၌ ခင်ဝမ်း၏ ဧရာဝတီက ကာလအတန်ကြာ ဖြတ်သန်း စီးဆင်းခဲ့ဖူးသည်။ ယနေ့ထိတိုင် စီးဆင်းနေဆဲ။ 'အေးမြတဲ့ မြောက်လေကြောင်းကိုဆန်ပြီး ပျံသန်းခဲ့တဲ့၊ ငှက်ကလေးတွေ၊
    အလင်းရောင် မရှိမဲ့ ရှိမဲ့၊ ခရီး ဝေးကို ပျံသန်းခဲ့ရလို့ ပင်ပန်းခဲ့ပြီလား၊ ခရီးဖော် အပေါင်းအသင်းတွေနဲ့ မိုးမချုပ်မီ အိမ်ကိုပြန်ခဲ့ပြီ၊ ဧရာဝတီ၊ ဧရာဝတီ၊ ဧရာဝတီ'။
    ၁၉၉၁ ခုနှစ် အချိန်။ ထူးအိမ်သင်၏ 'အတ္တပုံဆောင်ခဲများ' အယ်လ်ဘမ် ထွက်ရှိလာခဲ့သည်။ 'အတ္တပုံဆောင်ခဲများ' မှာ ထူးအိမ်သင် ကိုယ်တိုင် အကြိုက်ဆုံးဟု ပြောဆိုခဲ့သည့် အယ်လ်ဘမ် ဖြစ်သည်။ ထိုအယ်လ်ဘမ်၌ 'ရာဇ၀င်များ၏ သတို့သမီး' ပါလာခဲ့ပြီ။ ခင်ဝမ်း၏ ဧရာဝတီကဲ့သို့ ချိုမြမှုနှင့် အဆွေးဓာတ်ခံ နိုးထအောင် သယ်ဆောင်မသွားခဲ့ပေ။
    ထူးအိမ်သင် နောက်ပိုင်း၌ ဇော်ဝင်းထွဋ်ကလည်း ဧရာဝတီ အကြောင်း သီချင်းသီဆိုခဲ့သည်။ 'ဧရာဝတီရယ် စီးဆင်းပါ... မျှော်လင့်ချက်ကမ်းခြေထဲ ငါလေ အရောက်သွားမလို့၊ လမ်းပြလှည့်ပါ'။ 'သက်ရှိမြစ်' အမည်ဖြင့်
    လေးဖြူကလည်း ဧရာဝတီကို ဖွဲ့ဆိုခဲ့ပြန်သည်။


    မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်...

    လူတစ်ဦး၏ ယုံကြည်ချက်နှင့် ခံယူချက်က ထိုသူ လုပ်ဆောင်သမျှ အရာအားလုံး၌ ထင်ဟပ်မှု ဖြစ်စေပါသည်။ 'ရာဇ၀င်များရဲ့ သတို့သမီး' ကို ရေးသားချိန်၌ ထူးအိမ်သင်၏ အသက်မှာ ၂၇ နှစ် အရွယ်ခန့်သာ ရှိသေးသည်။
    ဧရာဝတီ၏ သာမန်ဇာစ်မြစ်ကို ဖော်ကျူးခဲ့ခြင်း မဟုတ်။ အမျိုးသားရေး စိတ်ဓာတ်နှင့် နိုင်ငံအတွက် ဂုဏ်ယူလိုစိတ် ပြည့်နှက်နေသော လူငယ်တစ်ဦး၏ နှလုံးသား စည်းချက်များကို တွေ့ရှိခဲ့ပါရသည်။ ပုဂံသို့ ရောက်ရှိခဲ့စဉ် အချိန်၊ ကန်တော့ပလ္လင် ဘုရားထက်မှ ဧရာဝတီမြစ်ကို ကြည့်ရင်း ထိုသီချင်းကို ထူးအိမ်သင်က ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
    ''မြန်မာတွေ အဲဒီအချိန်က တိုးတက်ခဲ့တယ် ဆိုတာ လက်ရုံးရည်ရော၊ နှလုံးရည်ရော ရှေးမြန်မာကြီးတွေ ဘယ်လိုဘယ်လို ခက်ထန်ကြံ့ခိုင်တဲ့၊ အားကောင်းတဲ့ နှလုံးသားတွေနဲ့ ဘယ်လိုပျော့ပျောင်းတဲ့ နှလုံးသား၊ ဘယ်လိုသိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းနယ်မှာ ကျွန်တော်တို့ ခုခေါ်နေတဲ့ မြန်မာနိုင်ငံကြီးကို ဘယ်လို တည်ဆောက်ခဲ့ကြတယ် ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ အရမ်းကို အံ့သြပြီး လေးလည်းလေးစားမိတယ်။ ရှေးမြန်မာကြီးတွေအပေါ် အရမ်းကို ကြည်ညိုတဲ့စိတ်၊ ကျွန်တော့် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့တယ်။ နောက် ရှေ့ဆက်သွားမယ့် ဧရာဝတီရဲ့သမိုင်းမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ရှေ့ဘယ်လို ဖြစ်လာမလဲ ဆိုတာကို  စိတ်ထဲမှာ ခင်းကျင်းကြည့်တာပေါ့။  ကျွန်တော်တို့ရဲ့ အိပ်မက်လေးတွေကို ပြပွဲခင်းကြည့်တဲ့သဘော၊ အကြောင်းအရာ ကတော့ အဲဒါပါပဲ'' ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၏ အင်တာဗျူးမေးခွန်းကို ထိုကဲ့သို့ပင် ထူးအိမ်သင်က ဖြေကြားခဲ့ဖူးသည်။
    ပုဂံမှ ပြန်ရောက်ခဲ့ပြီးချိန်မှာပဲ 'ရာဇ၀င်များရဲ့ သတို့သမီး' ကို ထူးအိမ်သင်က ရေးသားခဲ့သည်။ သံစဉ် ပြီးသွားချိန်၌ သီချင်းစာသားက တစ်ကြောင်းတည်းသာ ရရှိသေးသည်။
    'ကွယ်လွန်ပြီးသော အိပ်မက်များ'။
    ထိုတစ်ကြောင်းတည်းကိုပင် ညလုံး ပေါက် ထိုင်ရေးခဲ့ခြင်း ဖြစ်သည်။ အိုအေစစ် စတူဒီယို၌ မပြီးမချင်း ရေးသားခဲ့သည်။ သီချင်းတစ်ပုဒ်လုံး ပြီးသွားချိန်တွင် အချိန်က တစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
    ကွယ်လွန်ပြီးသော အိပ်မက်များ
    ထာဝစဉ် လဲလျောင်း အိပ်စက်ရာ
    ဣနြေ္ဒကြီးမားလွန်းတဲ့
    ဒီမြေမှာ တို့ရဲ့ သွေးတွေ
    ဖြတ်သန်းရင်းနဲ့ စီးဆင်း
    သူဟာ
    ရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့
    သိမ်းဆည်းထား
    ဧရာဝတီ . . . .
    ရွှေအတိပြီးသော မြို့ပြများ
    အစဉ်အလာ ကြီးမားခဲ့ကြရာ
    ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ
    ဒီမြေဟာ တို့ရဲ့အမိမြေ
    ယဉ်ကျေးမှုရဲ့ နှလုံးသား
    ရှင်သန်စေသူ တန်ခိုးရှင်
    အခမ်းနားဆုံးသော သက်ရှိကဗျာ
    ဧရာဝတီ . . .
    ထူးအိမ်သင် အကြောင်း ပြောမည် ဆိုပါက ထူးအိမ်သင် ဖြတ်သန်းခဲ့သော ခေတ်ကို ပြောရပါမည်။
    မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်း မတင်သော မျိုးဆက်။ လုပ်သင့်တာ လုပ်ဆောင်ခဲ့သည့် မျိုးဆက်။ လုပ်ရပ်တိုင်း၌ အကျိုးအမြတ် မည်မျှရမည်ကို မစဉ်းစားခဲ့ဘဲ လုပ်စရာ ရှိသည်များကို ယုံကြည်ရာ အတိုင်း လုပ်ဆောင်ခဲ့ကြသည့် မျိုးဆက်။
    ထိုလုပ်ဆောင်မှုများက နောင်တစ်ချိန်တွင် တန်ဖိုးရှိသော လုပ်ရပ်များ ဖြစ်လာစေခဲ့ပါသည်။
    ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းမှုကို မစဉ်းစား၊ ယုံကြည်ရာနှင့် ယုံကြည်ချက်ကို အခိုင်အမာထားပြီး ဘ၀ကို လျှောက်လှမ်းခဲ့ကြသူများတွင် ထူးအိမ်သင်လည်း တစ်ဦး အပါအ၀င် ဖြစ်ခဲ့ပါသည်။
    ထူးအိမ်သင်၏ ဘ၀ ဖြတ်သန်းမှုနှင့် သီချင်းများအကြောင်း ပြောမည်ဆိုပါက များစွာ ရှိနေမည် ဖြစ်ပါသည်။ 'နာရီပေါ်က မျက်ရည်စက်များ'၊ 'ဝေးသွားတဲ့အခါ'၊ 'ညီလေးရေ'၊ 'နာရီရဲ့သီချင်း'၊'သူငယ်ချင်းအတွက်'၊'သက်ငြိမ်'၊
    'ဂျပ်ဆင်ထိပ်ကလရိပ်ပြာ'၊ 'ရင်ခုန်အချစ်'၊ 'ရာဇ၀င်များရဲ့သတို့သမီး'၊ 'အမေ့ရဲ့ ဒုက္ခအိုးလေး'၊ 'အမေ့အိမ်'၊ 'ဗင်းဆင့်ဗင်ဂိုးတမ်းချင်း'၊ 'မြို့ပြညများနှင့် မဟာဝီရအိုဗုဒ္ဓ'။ ထိုသီချင်းများ အပြင် အခြားသော သီချင်းများစွာက မှတ်တိုင်များ အဖြစ် ရှိနေခဲ့ပါသည်။
    ၁၉၈၇ ခုနှစ်တွင် ထွက်ရှိခဲ့သော ထူးအိမ်သင်၏ ပထမဆုံး အယ်လ်ဘမ်။ 'နာရီပေါ်မှမျက်ရည်စက်များ'။ ထို အယ်လ်ဘမ်၌ အသက် ၁၇ ကျော်၊ ၁၈ နှစ်အရွယ် အချိန်များက ရေးသားခဲ့သော သီချင်းများ ပါဝင်ခဲ့သည်။ အယ်လ်ဘမ် မထွက်မီက ပရိသတ်များ အကြား ပျံ့နှံ့ရောက်ရှိနေသည့် ထိုသီချင်းများက ထူးအိမ်သင်၏ သမိုင်း အစကို လှစေခဲ့သည်။ သီချင်းစာသားများ၏ အဓိပ္ပာယ် လေးနက်မှုနှင့် ကိုယ်ကျိုးမဖက်သော လူငယ်တစ်ဦး၏ ယုံကြည်ချက်နှင့် စိတ်ဓာတ်ကို တွေ့ရှိလိုက်ရခြင်းကြောင့် ဖြစ်ပါသည်။
    ''နာရီပေါ်မှ မျက်ရည်စက်များ'' သီချင်းခွေသည် စတီရီယို ဂီတသမိုင်းတွင် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ အရေးကြီးသော ပထမ မှတ်တိုင်တစ်ခုမှ ၁၉၇၅ ခုနှစ်က ပေါ်ပေါက်ခဲ့သော စိုင်းခမ်းလိတ် ရေးသားပြီး
    စိုင်းထီးဆိုင် သီဆိုခဲ့သည့်  ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ပါသည်။ The Wild Ones တေးဂီတ အဖွဲ့၏ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်လို သက်ဝင် လှုပ်ရှားစေခဲ့သော အားထုတ်မှုကြီး အပြီး ဒုတိယမြောက် ပြောင်းလဲမှုကြီး တစ်ခုကို  ထူးအိမ်သင်က စတင်လိုက်ပြန်သည်။ ကိုယ်ပိုင်သံစဉ် တေးသီချင်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို နောက်တစ်ဆင့် မြင့်တက်စေခဲ့သည်။ ပုံသဏ္ဌာန် အပိုင်း၊ တင်ဆက်မှုအပိုင်း၊ ဒဿန အပိုင်း၊ ခံစားမှုရသပေးနိုင်ပုံ အထိ အစစ အရာရာ သိသိသာသာ ပြောင်းလဲသွားသည်။ နာရီပေါ်မှ မျက်ရည်စက်များ နောက်ပိုင်း ဆက်ထွက်လာသော မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက် စသည့် သီချင်းခွေများဖြင့် ကိုယ်ပိုင်သံစဉ် လူငယ်ထု အပေါ် သြဇာ သက်ရောက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်''ဟု တေးရေး မောင်သစ်မင်းက ထိုသို့ မှတ်ချက်ချခဲ့ဖူးသည်။
    မွန်စစ်သူကြီး လဂွန်းအိမ်၏ အမည်မှ 'အိမ်' ကိုယူပြီး ထူးအိမ်သင် ဖြစ်လာသူ၊ ကျွန်တော်က ပ၀တ္တိသား၊ ဇာတိက ပုသိမ်လို့ ပြောတတ်သူ၊ မြို့မငြိမ်းလို ဖြစ်ချင်သူ၊ ရွှေဥဒေါင်းကို စွဲလန်းသူ၊ ကဗျာများကို ချစ်တတ်သူ၊ 'ထင်းရှုးပင်ရိပ်'ကို စွဲလန်းသူ၊ ထိုးမြဲလက်မှတ်တိုင်း၌ 'ချစ်ခြင်းအားဖြင့်'ဟု ရေးသားတတ်သူ၊ ဧရာဝတီကို ချစ်တတ်သူ။
    ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ အသက် ၄၂နှစ် အရွယ်မှာ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်။ ယခုနှစ် သြဂုတ်လ ၁၄ ရက်။ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်မှာ ခုနှစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ထူးအိမ်သင်၏ စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ရာနှင့် သီချင်းများက ရှင်သန်နေဆဲ ဖြစ်ပါသည်။